ချင်းတွင်းသင်္ကြန်အား တိုင်းအစိုးရမှ တာဝန်ယူဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ပြောကြား

ချင်းတွင်းသင်္ကြန်အား တိုင်းအစိုးရမှ တာဝန်ယူဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ပြောကြား

မုံရွာ၊ မတ် ၁၈။                   ။ ကျပ် သိန်း ၂၀၀၀ အကုန်အကျခံကာ မုံရွာမြို့တွင် ကျင်းပပြုလုပ်မည့် ချင်းတွင်းသြင်္ကန်အား တိုင်းအစိုးရမှ လုံးဝတာဝန်ယူသည်ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က   ပြောကြားလိုက်သည်။

ယမန်နေ့ မတ်လ ၁၇ ရက်က မုံရွာမြို့၊ မြို့တော်ခန်းမတွင် မုံရွာဒေသခံများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ချင်းတွင်းသြင်္ကန် အောင်မြင်မှု ရှိမရှိနှင့် ပတ်သက်ပြီး "အောင်မြင်မယ်လို့ယုံကြည်ပြီးသားပဲ။ ဖြစ်လာတဲ့ ကိစ္စရပ်တွေအားလုံးကိုလည်း တာဝန်ယူတယ်။ အကောင်းဆုံး လုပ်မယ်၊ တစ်နိုင်ငံလုံးချမှတ်ထားတဲ့မူနဲ့ ညီအောင်လုပ်ထားတယ်။ ဆရာ့ဘဝမှာ သန်းခေါင်ထက် ညဉ့်နက်စရာ မရှိ၊ နေစရာအိမ်လည်း အခုချိန်ထိ တစ်လုံးမှမရှိ။ လုပ်ပြီဆိုမှတော့ အားလုံးကို ရှေ့ဆက်လျှောက်စရာရှိတာ လျှောက်ရမှာပဲ" ဟု စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားခဲ့သည်။

လက်ရှိတွင် ဝေဖန်မှုများရှိနေသော်လည်း  တိုင်းအစိုးရအနေဖြင့် ရှေ့ဆက် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရပြီး ယခုနှစ်အခြေအနေအား ကြည့်ကာ လာမည့်နှစ်တွင် ဆက်လုပ်၊ မလုပ် ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

သြင်္ကန်ပွဲတော် လုံခြုံရေးကိစ္စများနှင့်ပတ်သက်ပြီး နယ်လုံဝန်ကြီးဦးဆောင်သော ကော်မတီ ဖွဲ့စည်းထားပြီး လိုအပ်ပါက တပ်အင်အားပါ ထုတ်သုံးမည်ဟု နယ်လုံဝန်ကြီးက ပြောကြားထားကြောင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါ ချင်းတွင်းသြင်္ကန်ကို ဧပြီလ ၁၁ ရက်မှ ၁၇ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရ၏ ၂၀၁၇-၁၈ဘဏ္ဍာနှစ်မှ နေ့ကြီးရက်ကြီး ရန်ပုံငွေ ကျပ်သိန်းနှစ်ထောင်ကို ကုန်ကျခံသုံးစွဲသွား မည်ဖြစ်ကြောင်း၊ စပွန်ဆာ ကျပ်သိန်းနှစ်ထောင်ခန့်အား ထပ်မံရှာဖွေရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ သိရသည်။

ဧပြီလ ၁၁ရက်မှ ၁၃ရက်အထိအချိန်များတွင် ဖွင့်ပွဲများနှင့် ရိုးရာယာဉ်ကျေးမှုဆိုင်ရာများ၊ လုပ်ငန်းများကို ပြသရန် စီစဉ်ထားပြီး ဧပြီလ ၁၄ရက်မှ ဧပြီ ၁၆ရက်အထိတွင် ရေကစားခြင်း၊ ဖျော်ဖြေမှုများနှင့် အပန်းဖြေ နားနေခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီလ ၁၇ ရက်နေ့၌လည်း မြန်မာ့ရိုးရာအစဉ်အာလအတိုင်း ကောင်းမှုပြုခြင်း၊ သက်လွှတ်ပွဲပြုလုပ်ခြင်းနှင့် သက်ကြီးဘိုးဘွားများကို ပြုစုစောင့်ရှောင်ခြင်းလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် Wet Zone(ရေပတ်မည့်နေရာ)၊ Beach Zone(အပန်းဖြေအနားယူနိုင်မည့်ကမ်းခြေနေရာ)၊ Play Zone(ကလေးငယ်များဆော့ကစားရန်နေရာ)၊ ယိမ်းအကများ၊ မော်တော်ဆိုင်ကယ်ပြကွက်များ၊ ပါရာမော်တာနှင့် သဲပန်းပုပြကွက်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြကွက်များ ပါဝင်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly