ထိုင်ဝမ်တို့နှင့် ဆက်ဆံရေးချဲ့ထွင်မည့် အမေရိကန်တို့၏ဥပဒေအပေါ် တရုတ်တို့ဝေဖန်ဆန့်ကျင်

ထိုင်ဝမ်တို့နှင့် ဆက်ဆံရေးချဲ့ထွင်မည့် အမေရိကန်တို့၏ဥပဒေအပေါ် တရုတ်တို့ဝေဖန်ဆန့်ကျင်

 

ပေကျင်း၊ မတ် ၁၈ ။           ။ ဝါရှင်တန်အစိုးရနှင့် ထိုင်ဝမ်အစိုးရတို့ဘက်မှ အစိုးရအရာရှိများကြားတွင် ဆက်ဆံရေးချဲ့ထွင်လာနိုင်အောင် အားပေးအားမြှောက်ပြုသည့် အမေရိကန်တို့၏ဥပဒေအသစ်အား တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန် ဆန့်ကျင်ခဲ့သည်။

 အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပြီးခဲသော သောကြာနေ့ညက ထိုင်ဝမ်ခရီးသွားလာမှုအက်ဥပဒေ၌ လက်မှတ်ရေးထိုး၍ အတည်ပြုပေးခဲ့သည်။

ယင်းအက်ဥပဒေအရ အမေရိကန်အစိုးရအရာရှိများသည် ထိုင်ဝမ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် အကန့်အသတ်မရှိ ခရီးသွားလာနိုင်တော့မည်ဖြစ်ပြီး ထိုဥပဒေကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ခုစလုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ခြင်းဖြစ်သည်။

 သို့သော်လည်း တရုတ်တို့ဘက်မှ ထိုဥပဒေအသစ်ကို ဆန့်ကျင်ခဲ့သည်။ ထိုဥပဒေသည် အမေရိကန်တို့ဘက်မှ ထိုင်ဝမ်အစိုးရအရာရှိများနှင့် တိုက်ရိုက်အဆက်အသွယ်ထားရှိခြင်းမပြုရဆိုသော ကတိပေးထားသည့်အချက် ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း တရုတ်တို့ဘက်မှ ပြောဆိုခဲ့သည်။

 ဝါရှင်တန်အစိုးရသည် လွန်ခဲ့သော ၁၉၇၉ ခုနှစ်မှစတင်၍ တိုင်ပေအစိုးရနှင့် သံတမန်အသိအမှတ်ပြုဆက်ဆံ ရေးကို ပြောင်းလဲခဲ့ပြီး ပေကျင်းအစိုးရနှင့်သာ တိုက်ရိုက်ဆက်ဆံခဲ့သည်။

စနေနေ့တွင်ထုတ်လွှင့်ခဲ့သောဗီဒီယိုထဲ၌ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wu Qian က ယင်းအက်ဥပဒေသည် One China ပေါ်လစီကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ သည်။

 ဒါ့အပြင် အမေရိကန်တို့သည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ကြားဝင်နှောင့်ယှက်ခြင်းဖြစ်သည်ဟု လည်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ထို့အတူ အမေရိကန်တို့အနေဖြင့် ယင်းအက်ဥပဒေနှင့်စပ်လျဉ်းသော ကိစ္စရပ်များကို လက်တွေ့ကျင့်သုံးခြင်း မပြုဖို့လည်း သူက တိုက်တွန်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly