နှစ်နိုင်ငံကြားမျက်နှာပျက်ခဲ့ရသည့်ကိစ္စများကို ပြည်ဖုံးကားချ၍ ထိုင်းဝန်ကြီးချုပ်ကို သြစတြေးလျလက်ခံကြိုဆို

နှစ်နိုင်ငံကြားမျက်နှာပျက်ခဲ့ရသည့်ကိစ္စများကို ပြည်ဖုံးကားချ၍ ထိုင်းဝန်ကြီးချုပ်ကို သြစတြေးလျလက်ခံကြိုဆို

 

ဆစ်ဒနီ၊ သြစတြေးလျ၊ မတ် ၁၈ ။                          ။ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသည် စနေနေ့က သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကြားရှိ ကုန်သွယ်မှုဆက်ဆံရေးကို ပိုမိုခိုင်မာစေခဲ့သည်။

၂၀၁၃ ခုနှစ်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်သော ထိုင်းနှင့် သြစတြေးလျခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုတွင် ထိုင်းဝန်ကြီးချုပ်သည် စီးပွားရေးကိစ္စကို အဓိကထား၍   ဆွေးနွေးပြောဆိုခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံကြား အကြီးအကျယ်မျက်နှာပျက်ခဲ့ရသည့်ကိစ္စနှင့် သြစတြေးလျနိုင်ငံ ၏ နိုင်ငံခြားရေးမူဝါဒနှင့် ခရီးသွားလာမှုစည်းမျဉ်းတို့ အပြောင်းအလဲပြုလုပ်ထားသည့်အပေါ်ကိုလည်း ဆွေးနွေး ခဲ့ကြသည်။

လွန်ခဲ့သော ၂၀၁၄ခုနှစ် မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံရှိ စစ်အာဏာသိမ်းမှုအတွက် ဗိုလ်ချုပ်ကြီးပရာရွတ်နှင့် စစ်အစိုးရအဖွဲ့ဝင်ခေါင်းဆောင်အားလုံးအား သြစတြေးလျအစိုးရက နိုင်ငံအတွင်းသို့ ခရီးသွားလာခွင့်ပိတ်ပင် ထားခဲ့သည်။ ယင်းလုပ်ရပ်သည် စစ်အာဏာသိမ်းသူများအား နိုင်ငံရပ်ခြားအစိုးရအဖွဲ့မှ ပြစ်ဒဏ်ခတ်မှုထဲတွင် အပြင်းထန်ဆုံးလည်းဖြစ်ခဲ့သည်။

ထိုစဉ်က သြစတြေးလျအစိုးရသည် ထိုင်းစစ်အစိုးရနှင့် ဆက်ဆံရေးနှင့်ပက်သက်မှုအား အဆင့်လျှော့ချခဲ့သည်။ ၂၀၁၄ ခုနှစ်မေလ ၂၂ ရက်နေ့တွင် သြစတြေးလျတို့က “ကျုပ်တို့ဟာ ထိုင်းစစ်အစိုးရနဲ့ ကျုပ်တို့ရဲ့ပက်သက်မှု ကို လျှော့ချတော့မှာဖြစ်ပြီး ထိုင်းစစ်အစိုးရခေါင်းဆောင်မှုအတွင်း ကျုပ်တို့ရဲ့ ကြားဝင်ပါဝင်မှုကိုလည်း အဆင့် လျှော့ချပစ်တော့မှာဖြစ်ပါတယ်” ဟု ကြေညာခဲ့ဖူးသည်။

သို့သော်လည်း လက်ရှိအချိန်တွင် ပရာရွတ်နှင့် တန်ဘူးလ်တို့သည် အဆိုပါကိစ္စရပ်နှင့် လူ့အခွင့်အရေးကိစ္စများ ကို ခေါင်းထဲမှဖယ်ထုတ်၍ စနေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၎င်းတို့၏တွေ့ဆုံဆွေးနွေးမှုကို အာဆီယံ-သြစတြေးလျ နှစ်ရက်တာအထူးထိပ်သီးစည်းဝေးပွဲ မကျင်းပမီတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ယင်းအထူးထိပ်သီးစည်းဝေးပွဲသည် သြစတြေးလျတို့မှ ပထမဦးဆုံးအကြိမ်အိမ်ရှင် အဖြစ်လက်ခံကျင်းပသည့် အာဆီယံအစည်းအဝေးလည်းဖြစ်သည်။

ထိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ဝီရာချွန်ဆူခွန်ဒါပတ်တီပတ်ခ်က “ဆွေးနွေးမှုဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် စာမျက်နှာအသစ်ကို ဖွင့်လှစ်လိုက်သလိုပါပဲ” ဟု ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်ကြီးပရာရွတ်သည် ဝန်ကြီးချုပ်တန်ဘူးလ်အား နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာမှုအဖြစ် ထိုင်းနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။ အကယ်၍ မစ္စတာတန်ဘူးလ်က လက်ခံခဲ့ပါက သူသည် ဆယ်စုနှစ် ၂စု အတွင်း ထိုင်းနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်သည့် သြစတြေးလျခေါင်းဆောင်တစ်ဦးဖြစ်လာ မည်ဖြစ်သည်။

ထိုင်းနှင့် သြစတြေးလျတို့သည် လာမည့် ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံချစ်ကြည်မှု နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကို ကျင်းပသွားမည်ဖြစ်ပြီး ယင်းကာလတွင် ထိုင်းနိုင်ငံသည် အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC အဖွဲ့၏ ဥက္ကဌအဖြစ် ခန့်အပ်ခံရမည်ဟု သိရသည်။

Ref: Bangkok Post

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly