အစွန်းရောက်ဝါဒတိုက်ရေး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အာဆီယံနှင့် သြစတြေးလျ လက်မှတ်ထိုးမည်

အစွန်းရောက်ဝါဒတိုက်ရေး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အာဆီယံနှင့် သြစတြေးလျ လက်မှတ်ထိုးမည်

 

မဲလ်ဘုန်း၊ မတ် ၁၇ ။           ။ အရှေ့အလယ်ပိုင်းတွင် အရေးရှုံးနိမ့်သည့် အိုင်အက်စ်စစ်သွေးကြွများ စွန့်ခွာထွက်ပြေးလာခြင်းများအတွက် ဒေသတွင်း စိုးရိမ်မှုများ မြင့်တက်နေခြင်းကြောင့် အစွန်းရောက်ဝါဒတိုက်ဖျက်ရေးတွင် ဒေသတွင်ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီမှုတစ်ရပ်အား အာဆီယံနှင့် သြစတြေးလျတို့က လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက မတ် ၁၇ ရက်တွင် ပြောသည်။

အပြည်ပြည်ဆိုင်ရောအကြမ်းဖက်ဝါဒ တန်ပြန်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်သော နားလည်မှုစာချွန်လွှာကို အာဆီယံ ဆယ်နိုင်ငံနှင့် သြစတြေးလျတို့ လက်မှတ်ရေးထိုးကြမည်ဖြစ်ကြေင်း ပြည်ထဲရေးဝန်ကြီး ပီတာဒက်တန်က ပြောသည်။

ပူးပေါင်းလုပ်ငန်းစဉ်များ၊ စီမံချက်များ ပါဝင်မည့် ယင်းသဘောတူညီမှုအားဖြင့် ဒေသတွင် လုံခြုံရေးကို မြှင့်တင်ပြီး အရှေ့တောင်အာရှတစ်လွှား အကြမ်းဖက်ဝါဒ တန်ပြန်ရေးစွမ်းရည်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆီးရီးယားတွင် အိုင်အက်စ်အုပ်စုအတွက် တိုက်ပွဲဝင်နေသည့် တိုက်ခိုက်ရေးသမားအဖြစ် ဖမ်းဆီးမိသူများနှင့် ပတ်သက်ပြီး ၎င်းတို့နှင့် သက်ဆိုင်သော နိုင်ငံများသည် တာဝန်ခံမှုဖြင့် ကြီးထွားနေသော အကြမ်းဖက်ဝါဒပြဿနာကို ကိုင်တွယ်ဖြေရှင်းကြရန် ပြီးခဲ့သည့်လအတွင်းက အမေရိကန်ကာကွယ်ရေးဝန်ကြီးက မဟာမိတ်ဖက်နိုင်ငံများကို တိုက်တွန်းခဲ့သည်။

အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ခြင်း မပြိုလဲမီက ဆီးရီးယားနှင့် အီရတ်သို့ အစွန်းရောက်များနှင့် ပူးပေါင်းတိုက်ပွဲဝင်ရန် ရောက်ရှိသွားကြသည့် သြစတြေးလျနိုင်ငံသား ၂၂၀ ရှိကြောင်း ဒက်တန်က ဆိုသည်။

မည်မျှအရေအတွက် ဖမ်းထားမိကြောင်းကို ၎င်းက မပြောသော်လည်း တူရကီတွင် တစ်ဦး ဖမ်းမိထားကြောင်း သိရသည်။

၂၀၁၄ ခုနှစ်မှ စတင်ပြီး သြစတြေးလျနိုင်ငံသည် အစွန်းရောက်တိုက်ခိုက်မှု ခြောက်ခါ ကြုံခဲ့ရပြီး ကြံစည်မှု ၁၄ မှု ရှိခဲ့ကြောင်း ဒက်တန်က ပြောသည်။

ဖိလစ်ပိုင်က မာရာဝီတိုက်ပွဲ အရှိန်မြင့်မားစဉ်အတွင်း ဖိလစ်ပိုင်စစ်သွေးကြွ ရာပေါင်းများစွာနှင့် ပူးပေါင်းရန် နိုင်ငံခြားမှ စစ်သွေးကြွ ၄၀ ခန့် လာရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ပအစွန်းရောက်သမားများမှ ၁၄ ဦးကိုသာ ဖိလစ်ပိုင်စစ်တပ်က သုတ်သင်ထားနိုင်ပြီး ကျန်သူများ၏ အနေအထားကို မသိရကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly