မကွေး၊ မတ်လ ၁၇ ။ ။ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရား၊ငဖဲစောင်းတန်း၏ အရှေ့တောင်ဘက်(၄)ဖာလုံ ခန့်အကွာ လျှိူမြောင်ထဲ၌ ယနေ့ မတ်လ ၁၇ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က အမည်မသိ အမျိုးသား လူသေလောင်း ( ၁)လောင်း (ပြင်ပဒဏ်ရာမတွေ့ရှိ)တွေ့ရှိကြောင်း မန်းရွှေစက်တော်နယ်မြေရဲကင်းမှ သိရသည်။
အဆိုပါ လူသေအလောင်းမှာအသက် ၄၀ ခန့်ရှိနိင်ပြီး၊ရာသီဥတုဒဏ်ကြောင့် အရောင်မဲကာ ခြောက်သွေ့လျှက် တွေ့ရှိရပြီး မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရသေးကြောင်း သိရသည်။
“ အလောင်းကို ငဖဲစောင်းတန်းမီးပျံကျ ဈေးတန်းနေတဲ့ ဦးတင်ငွေ (၅၈)နှစ်က ဇီးတောကျေးရွာ သွားရင်းနဲ့ တွေ့ရှိ ဖုန်းဆက်အကြောင်းကြားချက်အရ သိရှိရပါတယ် ပြင်ပဒဏ်ရာလည်း မတွေ့ရဘူး၊ သေဆုံးသူရဲ့ လိပ်စာနဲ့ နာမည်ကို စုံစမ်းလျှက်ရှိပါတယ်” ဟု မန်းရွှေစက်တော်ရဲကင်း စခန်းမှူးဒုရဲမှူးလှမောင်က ပြောသည်။
အဆိုပါ အမည်မသိ အမျိုးသား လူသေအလောင်း သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ရဲဆေးစာဖြင့် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ စကုနယ်မြေရဲစခန်းတွင် ဒုရဲမှူးလှမောင်က တရားလိုပြုလုပ် အမှုရေးဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။