ကျောက်မဲအနီးတိုက်ပွဲများတွင် ပိတ်မိနေသော ဒေသခံ ၂၀၀ ကျော်ကို လူမှုရေးအသင်းများ ကယ်ထုတ်ပေး

ကျောက်မဲအနီးတိုက်ပွဲများတွင် ပိတ်မိနေသော ဒေသခံ ၂၀၀ ကျော်ကို လူမှုရေးအသင်းများ ကယ်ထုတ်ပေး
(ဓာတ်ပုံ၊ဦးတင်မောင်သိန်း)

 

မန္တလေး၊ မတ်လ ၁၇ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျေးရွာများ၌ ပိတ်မိနေသည့်ဒေသခံ ၂၂၈ ဦးကို ကျောက်မဲမြို့သို့ မတ်လ ၁၆ ရက်က ကယ်ထုတ် ခေါ်ယူနိုင်ခဲ့သည် ဟု သွားရောက်ကယ်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သူ ဇီဝိတဒါန လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက မဇ္ဈိမကိုပြောသည်။

စစ်ဖြစ်ဧရိယာတွင်ပိတ်မိနေသည့် အုံအွီးရွာမှဒေသခံ ၂၁၇ဦးနှင့် မန်ခေါက်ရွာမှဒေသခံ ၁၁ ဦး စုစုပေါင်း ၂၂၈ဦးတို့ကို ဇီဝိတဒါန လူမှုကူညီရေးအသင်း၊ ကမ်းလင့်လက်များ၊ နယ်စည်းမခြားအဖွဲ့ စသည့် လူမှုကူညီရာအသင်းများက သွားရောက် ကယ်ထုတ်ခဲ့ပြီး ကျောက်မဲမြို့သို့ ခေါ်ဆောင်လာကာ အောင်မြေသာယာ ဘုန်တော်ကြီးကျောင်းတွင် ထားရှိထားသည်ဟု ၎င်းကဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အပါအဝင် နမ္မတူ ၊ သီပေါ နှင့် နမ့်ဆန့် အနီး၌ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ပြီး ရက်သတ္တပတ် တစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်သည်။

လက်ရှိတွင် ကယ်ထုတ်ရန် ရွာ ၂ ရွာ ကျန်ရှိနေသေးပြီး လူပေါင်း ၃၀၀ ခန့် ဆက်လက်ပိတ်မိနေဆဲ ဖြစ်သည်ဟု သိရသည်။

ဆက်လက်၍ ဦးတင်မောင်သိန်းက "စစ်ဖြစ်ဧရိယာမှာပိတ်မိနေတဲ့ ရွာကလူတွေကို ကယ်ထုတ် ခေါ်လာတာပါ။ နှစ်ရွာကျန်နေသေးတယ်။မိုင်းတွေကရှိနေတော့ ကျွန်တော်တို့လည်း သွားခေါ်ဖို့ ခက်သလို သူတို့ထွက်လာဖို့လည်းခက်နေတယ်။ ပိတ်မိနေတဲ့ဒေသခံတွေ အများကြီး ကျန်သေးတယ်။ ဘယ်လိုကူညီရမယ်။ ဘယ်လိုသွားခေါ်မယ်ဆိုတာကတော့ ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်နေတုန်းပဲ ရှိသေးတယ်။ အနည်းဆုံး ရွာ နှစ်ရွာကလူပေါင်း၃၀၀ ကျော်လောက်ကျန်နေသေးတယ်။ "ဟု ပြောသည်။

အဆိုပါ ကယ်ထုတ်လာနိုင်သည့် စစ်ရှောင်ဒေသခံများကို လူမှုပရဟိတကူညီရေးအသင်းများက လိုအပ်သည်များ ဆက်လက်ကူညီဆောင်ရွက်ပေးနေရကြောင်းသိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် အစိုးရ နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တပ်မတော် ၊ TNLA စသည့် အဖွဲ့များဖြင့် မကြာခဏဆိုသော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တအာဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ 'ဝ'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly