ဂျာမန်ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီတစ်ပတ်မှာတင် ချန်ပီယံဖြစ်လာ နိုင်တဲ့ အနေအထားမှာရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ တနင်္ဂနွေနေ့မှာ အဆင့် ၆ နေရာက လိုက်ဇစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ရင်မဆိုင်ရမီမှာ အမှတ်ပေးဇယားကို အမှတ် ၂၀ ဖြတ်ပြီး ဦးဆောင်နေတာပါ။
တကယ်လို့ အနီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ အဆင့် ၂ နေရာက ရှော်လ်ကေးနဲ့ အဆင့် ၃ နေရာက ဒေါ့မွန်တို့သာ နိုင်ပွဲပျောက်ပြီး ဘိုင်ယန်မြူးနစ်သာ လိုက်ဇစ်ကိုအနိုင်ရလိုက်မယ်ဆိုရင် ပြိုင်ပွဲပြီးဆုံးဖို့ ၇ ပွဲအလိုမှာတင် ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံဖြစ်သွားမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ်ပွဲစဉ်တွေမှာ ရှော်လ်ကေးအသင်းက ဝုဖ်ဘတ်ကို အဝေးကွင်းမှာသွားရောက်ကစားရမှာဖြစ်ပြီး ဒေါ့မွန်အသင်းကတော့ ဟန်နိုဗာကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်နည်းပြ ဂျက်ဟေးနက်ခ်ကတော့ လိုက်ဇစ်ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး သူ့အတွက်တော့ ဒီတစ်ပတ် ဖြစ်ဖြစ် နောက်တစ်ပတ်ဖြစ်ဖြစ် ဘယ်အချိန် ချန်ပီယံဖြစ်ဖြစ်အရေးမကြီးပါဘူးလို့ ပြောဆိုခဲ့ပါတယ်။