မန္တလေးသင်္ကြန်အတွက် မန်းမြို့တော်စည်ပင်မှ ဖိတ်ခေါ်နေ

မန္တလေးသင်္ကြန်အတွက် မန်းမြို့တော်စည်ပင်မှ ဖိတ်ခေါ်နေ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မန္တလေးမြို့တွင် ကျင်းပမည့် မဟာသြင်္ကန်တွင် ပါဝင်ဆင်နွှဲရန်အတွက် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဖိတ်ခေါ်လျှက်ရှိပြီး လမ်းလျှောက်သြင်္ကန်၊ လူငယ်သြင်္ကန်၊ တောသြင်္ကန်များပါ ပါဝင်သည်။

ထိုသို့ဖိတ်ခေါ်ရာတွင် မတ်လ ၁၆ ရက်နေ့အထိ တောသြင်္ကန် ညဈေးတွင် ဈေးရောင်းချရန် စာရင်းပေးထား သည့်ဆိုင် ၁၂၄ ဆိုင်၊ကျုံးအရှေ့ဘက်၊၆၆လမ်းမပေါ် သြင်္ကန်မဏ္ဍပ်ကြီး ပေ ၁၀၀× ၂၅ ပေ အတွက် လေလံ လျှောက်ထားသူ ၂၁ ဦး၊ကျုံးအနောက်ဘက် လမ်း ၈၀ ပေါ် ၆ ဦး၊လမ်းလျှောက်သြင်္ကန်အတွက် ၄ ဦး တို့ ရှိပြီး နေ့၊ည ဈေးရောင်းချမည့်သူ ၁၅ ဦးနှင့် စတုဒီတာကျွေးမွေးရန် လာရောက်လျှောက်ထားသူ ၇ ဦး ရှိနေပြီ ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

"ပျော်ရွှင်စွာ လျှောက်ထားနေပါပြီ။မြို့တော်သူ၊မြို့တော်သားအားလုံးကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကြိုဆိုနေပါတယ်။"ဟု၎င်းကပြောသည်။

ယခုနှစ် မန္တလေးမဟာသြင်္ကန်တွင် ကျုံးအရှေ့ဘက်တွင် တောသြင်္ကန်ညဈေး၊ကျုံးတောင်ဘက်တွင် လမ်းလျှောက်သြင်္ကန်၊ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် လူငယ်သြင်္ကန်တို့ ပါဝင်မည်ဖြစ်သည်။

လမ်းလျှောက်သြင်္ကန်တွင် မြန်မာနိုင်ငံကာတွန်းဆရာများအသင်း၏ ရေစိုခံကာတွန်းပြပွဲ၊ရိုးရာ ရေကစား မဏ္ဍပ်များ၊စတုဒီတာကျွေးမည့် မဏ္ဍပ်များပါဝင်မည်ဖြစ်သည်။

တောသြင်္ကန် ညဈေးကို ည ၇ နာရီမှည ၁၁ နာရီထိ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာ့ရိုးရာအစားအစာများ၊ ဖျော်ဖြေရေးများ ပါဝင်မည်ဖြစ်သည်။

ရေကစားလိုသူများအနေဖြင့် ရေးကစားမဏ္ဍာပ်များကို ပေ ၃၀၊ပေ ၂၀၊၁၀ပေ ကြိုက်နှစ်သက်သည့် အရွယ် အစားများရွေး၍ လျှောက်ထားနိုင်ကြောင်းသိရသည်။

ပါဝင်ဆင်နွှဲလိုသူများအနေဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနသို့ သွားရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required