မြောက်လေးစဉ် ရုပ်စုံ ဘုန်းတော်ကြီးကျောင်းအား တိုင်းအစိုးရရန်ပုံငွေဖြင့် ပြုပြင်နေ

မြောက်လေးစဉ် ရုပ်စုံ ဘုန်းတော်ကြီးကျောင်းအား တိုင်းအစိုးရရန်ပုံငွေဖြင့် ပြုပြင်နေ
သတင်းပုံ သာတီစစ်(စလင်း)

 

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်ရှိ နှစ်(၁၀၀)ကျော် သက်တမ်းရှိ ရှေးဟောင်း မြောက်လေးစဉ် ရုပ်စုံ ဘုန်းတော်ကြီး ကျောင်းတော်ကြီးအား မကွေးတိုင်း ဒေသကြီးအစိုးရ ၂၀၁၇-၂၀၁၈ဘတ်ဂျက် ရန်ပုံငွေဖြင့် ပြုပြင်နေကြောင်း စလင်းမြို့နယ် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က ပြောသည်။

အဆိုပါနှစ်(၁၀၀)ကျော်သက်တမ်းရှိ ရှေးဟောင်း မြောက်လေးစဉ်ကျောင်းခေါ် စလင်းရုပ်စုံ ဘုန်းတော်ကြီး ကျောင်းတော်ကြီးသည် ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်တပ်က ဗုံးကျဲမှားသွားခဲ့ဖူးကြောင်း၊မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ်ကျန်ရစ်ခဲ့သည့်စလင်းရုပ်စုံကျောင်းသည် ယခုအခါ ကြမ်းခင်းများ ပျက်စီးမှုများ ရှိနေသဖြင့် မကွေးတိုင်း ဒေသကြီးအစိုးရဘတ်ဂျက် ရန်ပုံငွေ ကျပ်(၁၄၄)သိန်း ဖြင့် ပြင်ပြုထိန်းသိမ်းနေကြောင်း သိရသည်။

“ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းမြောက်လေးစဉ် ဘုန်းတော်ကြီးကျောင်းတော်ကြီးကို ပြုပြင်တဲ့အခါ ရှေးမူလက်ရာမပျက်အောင် ရှးဟောင်းသုတေသနဌာနက တာဝန်ရှိသူတွေ ကြီးကြပ်ဆောင်ရွက်နေပါတယ်” ဟု ဦးသက်ခိုင်က ဆိုသည်။

ယခုမြောက်လေးစဉ် ကျောင်းအမျိုးအစားသည် ကုန်းဘောင်ခေတ်နှောင်း (၃) ထပ်လည်ပေါ် ဇေတဝန် အမျိုးအစား ကျွန်းကျောင်းစစ်စစ် ဖြစ်ကြောင်း၊ အဓိက အစိတ်အပိုင်းအားဖြင့် (၁) ပြဿဒ် ဆောင်(ဘုရားခန်း)၊ (၂) စနုဆောင် (ကျောင်းထိုင် ဆရာတော်ဆောင်) (၃) မာရဘင်ဆောင်မကြီး (ပရိသတ်များ အား လက်ခံ တွေ့ဆုံရာ) တို့ကို (၃)ဆောင်တွဲကာ နေလျှောက်စနစ် (အရှေ့မှ အနောက် သို့ နေပူဒဏ်သက်သာစေရန်) ဆောက်လုပ် ထားပြီး လှေကား ထစ် (၁၇)ထစ်ပါ အရှည် (၁၆) ပေခွဲ ၊ အမြင့် (၁၅) ပေမကာန်းရုပ်ခံ သရက်ကင်း လှေကား (၆) စင်းက ကျောင်းတော်ကြီးကို ချိတ်ဆက်ပေးထားကာ ကျောင်းအရှည် (၁၇၈) ပေ (၈) လက်မ၊ အနံမှာ (၇၅) ပေ နှင့် တိုင်ပေါင်း (၂၄၅) တိုင် ပါရှိကြောင်း စလင်းမြို့နေ ဦးကြည်ရွှင်က ပြောသည်။

“ နှစ်ပေါင်းတစ်ရာကျော်တဲ့ ရှေးဟောင်းမြောက်လေးစဉ်ရုပ်စုံဘုန်းတော်ကြီးကျောင်းကြီးကိုပြုပြင်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျောင်းကြီးကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းဖို့အတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်မည့် အစီအစဉ်များလည်း လိုအပ်နေသေးတယ်။ စလင်းမြို့တွင် ရှေးဟောင်းအဆောက်အဦ များစွာ ရှိကြောင်း၊ အထင်ကရရှေ့ဟောင်းအဆောက်အဦများအပြင် တခြားရှေးဟောင်းအဆောက်အဦများအား ပြုပြင်ထိန်းသိမ်းရန်လိုအပ်ကြောင်း စလင်းမြို့နေ ဦးခင်မောင်စိုးက ပြောသည်။

မြောက်လေးစဉ် ရုပ်စုံကျောင်းတော်ကြီးအား မင်းတုန်းမင်းလက်ထက်၌ စလင်းမြို့နေ သူကောင်းမျိုး ကျောင်းအမကြီး ဒေါ်ပုမှ ၁၈၆၈ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းကာ ဆရာတော် ဦးဝရမ မှ ပထမဆုံးကျောင်းထိုင်ခဲ့ကြောင်းဦးခင်မောင်စိုးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly