ဂွာဒီယိုလာ ငွေထပ်သုံးပါက မန်စီးတီးကို လိုက်မီရန်ခက်လိမ့်မည်ဟု မော်ရင်ဟိုပြော

ဂွာဒီယိုလာ ငွေထပ်သုံးပါက မန်စီးတီးကို လိုက်မီရန်ခက်လိမ့်မည်ဟု မော်ရင်ဟိုပြော

 

မတ် ၁၇၊ မန်ချက်စတာ။            ။ လာမည့်နွေရာသီတွင် ပြိုင်ဘက်ဂွာဒီယိုလာက ကစားသမားသစ်များခေါ်ယူရန်ငွေအမြောက်အများထပ်သုံးမည်ဆိုပါက မိမိအနေဖြင့် မန်စီးတီးအသင်းကိုလိုက်မီရန် ခက်လိမ့်မည်ဟု မန်ယူနိုက်တက်နည်းပြမော်ရင်ဟိုက ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းကို ဂွာဒီယိုလာက ကာရာဘောင်ဖလားရယူပေးထားပြီး ချန်ပီယံလိဂ်ကွာတားသို့လည်းပို့ဆောင်ပေးထားသလို ပရီးမီးယားလိဂ်တွင် မန်ယူနိုက်တက်ကို ၁၆ မှတ်ဖြတ်ကာ ဦးဆောင်ထားသည်။

ဆီဗီလာကိုရှုံးပြီးချန်ပီယံလိဂ်မှထွက်ခဲ့ရသည့် မန်ယူနိုက်တက်အသင်းအနေဖြင့် မျှော်လင့်စရာဆို၍ အက်ဖ်အေဖလားတစ်လုံးသာရှိပြီး ယနေ့တွင် အိုးထရက်ဖို့ဒ်၌ ကွာတားပွဲစဉ်အဖြစ် ဘရိုက်တန်နှင့်ကစားရမည်ဖြစ်သည်။

၂၀၁၆ နွေရာသီမှစတင်ပြီး ကစားသမားသစ်များအတွက်ပေါင်သန်း ၃၀၀ သုံးထားပြီးဖြစ်သော်လည်း ၎င်းဆက်ခံရရှိထားသည့် ယူနိုက်တက်လူစာရင်းကြောင့် ဂွာဒီယိုလာကိုလိုက်မီရန်ကြိုးစားနေရဆဲဖြစ်သည်ဟု မော်ရင်ဟိုကဆိုသည်။

“အဖြစ်မှန်က တချို့ကလပ်တွေက အောင်မြင်မှုရဖို့ အဆင်သင့်ဖြစ်နေကြတယ်။ တချို့ကလပ်တွေကျတော့ အသင့်မဖြစ်သေး ဘူး။ တစ်ခုကအသင့်ဖြစ်နေချိန်မှာ တစ်ခုကတည်ဆောက်နေရတယ်။

ကျွန်တော်တို့ထက်သာတဲ့အသင်းတစ်သင်းက ဆက်ပြီးငွေမသုံးတဲ့အချိန်မှာ ကျွန်တော်တို့ငွေသုံးမယ်ဆိုရင် ပုခုံးချင်းယှဉ်လို့ရ သွားမယ်။ တကယ်လို့ သူတို့ဆက်ပြီးငွေသုံးနေမယ်၊ ကျွန်တော်တို့ထက်လည်းပိုသုံးနေမယ်ဆိုရင်တော့ ဒါက ခက်သွားပြီ။

ပြီးခဲ့တဲ့ ၇ နှစ်အတွင်းမှာ မန်စီးတီးက ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့တယ်။ နောက်တစ်ကြိမ်ချန်ပီယံထပ်ဖြစ်ဖို့လည်း နည်းနည်းပဲလိုတော့ တယ်။ ပြီးတော့ နှစ်ကြိမ်မြောက် ဖလားနှစ်လုံးလည်းဖြစ်တယ်။ ဒါက အမွေအနှစ်ပဲ။

အမွေအနှစ်ဆိုတာကိုသိလား။ အော်တာမန်ဒီ၊ ဒီဘရိုင်း၊ ဖာနန်ဒင်ဟို၊ ဒေးဗစ်ဆေးလ်ဗား၊ စတာလင်း၊ အဂူရိုစတဲ့ အရင်ကတည်းကဝယ်ထားတဲ့သူတွေကို ပြောတာ။ နှစ်နှစ်လောက်ကမှ ဝယ်ထားသူတွေမဟုတ်ဘူး”ဟု မော်ရင်ဟိုကဆိုသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly