အမေရိကန် FBI ဒုညွှန်မှူးဟောင်း တရားဝင်အနားမယူခင် ၂ ရက်အလိုမှာပင် ထုတ်ပယ်ခံလိုက်ရ

အမေရိကန် FBI ဒုညွှန်မှူးဟောင်း တရားဝင်အနားမယူခင် ၂ ရက်အလိုမှာပင် ထုတ်ပယ်ခံလိုက်ရ

 

အမေရိကန် FBI  ဒုညွန်မှူးအဖြစ် ပြီးခဲ့သည့် ဇန်နဝါရီလအထိ တာဝန်ထမ်းဆောင်ထားခဲ့သည့် အန်ဒရူး မက် ကာဘီအား ယခုအခါ အလုပ်ဖြုတ်လိုက်ပြီဖြစ်ကြောင်း ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်စ်က ပြောကြားသွားသည်။

မက် ကာဘီမှာ ၎င်း၏ တရားဝင် အနားယူမည့်နေ့မတိုင်မီ ၂ ရက်အလိုမှာပင် ယခုကဲ့သို့ ဖြုတ်ထုတ်ခံလိုက်ရခြင်းလည်း ဖြစ်သည်။ ယင်းအတွက်ကြောင့်လည်း ၎င်း၏ ပင်စင်ခံစားခွင့်များ လက်လွှတ်ဆုံးရှုံးသွားရတော့မည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီ ဖြစ်သည်။

မက် ကာဘီမှာ FBI ဒုညွန်မှူးအဖြစ်မှ နှုတ်ထွက်ကြောင်း ဇန်နဝါရီ ၂၉ ရက်က ကြေညာထားခဲ့ပြီး မတ်လ ၁၈ ရက်တွင် တရားဝင် အနားယူရန်စီစဉ်ထားခဲ့ကာ ယင်းကြားကာလအတွင်း ခွင့်ရက်ရှည်ယူထားခဲ့သူလည်းဖြစ်သည်။ ယခုအခါ ၎င်းတရားဝင်အနားယူမည့်နေ့ မရောက်ခင်မှာပင် ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည်။

ယင်းအပြင် ယခုကဲ့သို့ မက် ကာဘီအား ထုတ်ပယ်မှုကိစ္စမှာ FBI ဌာနတွင်း စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူများ၏ ထောက်ခံချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်စ်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောကြားရာတွင် မစ္စတာ မက် ကာဘီအနေဖြင့် အထက်၏ ခွင့်ပြုမိန့်မရဘဲ သတင်းမီဒီယာများထံသို့ ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ထားခဲ့သည်ကို စုံစမ်းစစ်ဆေးရေးမှူးများက တွေ့ရှိထားခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

အဆိုပါ ပြောဆိုချက်နှင့်ပတ်သက်၍ မက် ကာဘီကလည်း ချက်ချင်းပင် ပြန်လည် တုန့်ပြန်သွားခဲ့ပြီး ယခုကဲ့သို့ ၎င်းထုတ်ပယ်ခံလိုက်ရခြင်းမှာ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဘက်က FBI အပေါ် တိုက်ခိုက်ဖိနှိပ်မှု တစ်စိတ်တစ်ဒေသကြောင့် ဖြစ်ကြောင်း ပြောသွားသည်။

FBI ဝန်ထမ်းအဖြစ် နှစ် ၂၀ ကျော် လုပ်ကိုင်ခဲ့သည့် မက်ကာဘီအပေါ် ယမန်နှစ်ကစ၍ သမ္မတ ဒေါ်နယ်ထရမ့်ဘက်က မကြာခဏ ပြစ်တင်မှုများ ပြုလုပ်ထားခဲ့ပြီး မက် ကာဘီ အပါအဝင် FBI ခေါင်းဆောင်ပိုင်းက ၎င်း၏ အစိုးရအဖွဲ့အပေါ် နစ်နာထိခိုက်စေမည့် ဘက်လိုက်လုပ်ဆောင်မှုများ လုပ်ခဲ့ကြောင်း စွပ်စွဲထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly