လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအပေါ် နှိပ်ကွပ်နေခြင်းများ ရပ်တန့်ပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူများတောင်းဆို

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအပေါ် နှိပ်ကွပ်နေခြင်းများ ရပ်တန့်ပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူများတောင်းဆို

မြန်မာအစိုးရက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအား ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း၊ နှိပ်ကွပ်ခြင်းများ အမြန်ဆုံးရပ်တန့်ပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများက ယနေ့တောင်းဆိုလိုက် သည်။

၂၀၁၅ ခုနှစ်မှစ၍ ယနေ့ထိ ပုဒ်မ ၁၈ ဖြင့် အကျဉ်းကျခံနေသူပေါင်း ၃၃ ဦး၊ အမှု ရင်ဆိုင်နေ ရသူ ၁၉၃ ဦး နှင့် သြဂုတ် ၂၆ ရက်ထိ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၁၂ ဦး အကျဉ်းထောင်များထဲ တွင် ရှိပြီး ၂၄ ဦး မှာ ပုဒ်မ ၁၈ ဖြင့် အကျဉ်းကျခံနေရသူများ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏မှတ်တမ်းများကို ကိုးကား၍ ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

'' အစိုးရအနေနဲ့ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းပြန်လွှတ်ပေးတာ၊ ထိန်းသိမ်းခံထားရသူတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် စွဲဆိုထားတဲ့အမှု အားလုံးကို ပလပ်ပေးတာတွေ အရင်ဆုံးလုပ်ဖို့လိုပါတယ်'' ဟု မြန်မာ့အရေးပူးပေါင်း ဆောင်ရွက် သူများ(BP) အဖွဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါ်ခင်ဥမ္မာက ယနေ့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမ ၌ ကျင်းပသော မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ အခြေအနေနှင့် သင့်တော် သည့် ကာကွယ်စောင့်ရှောက်ရေး ယန္တရားများအကြောင်း အစီရင်ခံစာ မိတ်ဆက်ပွဲတွင် ပြောကြား သည်။

မြန်မာအစိုးရက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအား ဖိနှိပ်ချုပ်ချယ် နှိပ်ကွပ်ခြင်း နှင့် လွတ်လပ်စွာ ဖွင့်ဟမဖော်ထုတ်နိုင်ဘဲ အသံတိတ်သွားစေရန် လုပ်ဆောင်နေခြင်းများကို အမြန်ဆုံး ရပ်တန့်ရမည့်အပြင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ(HRD) များက လူ့အခွင့်အရေး လုပ်ငန်း များကို အန္တရာယ်ကင်းကင်း လုပ်ဆောင်နိုင်ရန် ဥပဒေနှင့် တရားစီရင်ရေးပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ယန္တရားများ မဖြစ်မနေလိုအပ်သည်ဟု AAPP နှင့် BP တို့ ပူးတွဲထုတ်ပြန်   သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီအရင်ခံစာကို ပြည်ထဲရေး၊ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် သက်ဆိုင်ရာ လွှတ်တော် ကော်မတီများထံသို့ ပေးပို့သွားမည်ဖြစ်ပြီး နှစ်ဖွဲ့သဘောတူညီမှုရလျှင် နိုင်ငံတကာသို့ ပေးပို့မည်ဟု ကိုတင်မောင်ဦး(FPPS) က မဇ္ဈိမကို ပြောသည်။

'' လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဟာ လူသားတွေ ဖြစ်တဲ့အတွက် တခြားသူ တွေလို တန်းတူ အခွင့်အရေးပေးဖို့ လိုပါတယ်။ သူတို့ကို ပစ်မှတ်ထားပြီး အပြစ်ပေးတာတွေ၊ အကြပ် ကိုင်တာတွေ၊ နှိပ်စက်တာတွေ၊ ပတ်ဝန်းကျင်တစ်ခုလုံးက ဖယ်ထုတ်ခံရအောင် လုပ်တာတွေကို အစိုးရက အထူးကာကွယ်ပေးဖို့ လိုပါတယ်။

“သူတို့တွေ အားကောင်းလာအောင် အရည်အသွေး မြင့်လာအောင် တိုင်းပြည်ရဲ့ ရန်သူလို့ မသတ်မှတ်ကြစေဖို့ အစိုးရက လုပ်ပေးရပါမယ်။ သူတို့အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဆောင်ရွက် နိုင်ဖို့ လုပ်ငန်းတွေမှာ အစိုးရက အသိအမှတ်ပြုပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်'' ဟု ဦးအောင်မျိုးမင်း(ညီမျှခြင်းမြန်မာ) က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly