ဦးဝင်းထိန်၏ နှုတ်ထွက်စာ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့ထား

ဦးဝင်းထိန်၏ နှုတ်ထွက်စာ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့ထား

ရန်ကုန် မတ် ၁၆ ။      ။ NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်၏ နှုတ်ထွက်စာကို ပါတီမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီသို့ ပေးပို့ထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီ၏ ပြန်ကြားရေးတာဝန်ခံ မုံရွာ အောင်ရှင်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီ၏ ဗဟို အလုပ်အမှုဆောင်တာဝန်ယူထားသူ ဦးဝင်းထိန်သည် တာဝန်မှရပ်နားခွင့်ပြုရန် နှုတ်ထွက်စာတင်ခဲ့ခြင်းအပေါ် ယနေ့ မတ်လ ၁၆ ရက်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

" ဦးဝင်းထိန်ရဲ့နှုတ်ထွက်စာ တင်သလား၊ စာပို့ထား သလားဆိုတာကတော့ ကိုယ်ကတော့ စာကိုတော့ အတိ အကျမသိရဘူးဗျ၊ သို့သော်လည်း ပဲ သေချာတာကတော့ စီအီးစီကို ရောက်နေပြီ၊ CEC ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆီကို ပို့ထားတယ်လို့၊ အဲဒီလိုပဲ ကြားပါတယ်ခင်ဗျ" ဟု မုံရွာအောင်ရှင်က ပြောသည်။

ဦးဝင်းထိန်သည် သြစတြေးလျနိုင်ငံသို့ ထွက်သွားပြီး ၁ လအကြာ တွင် နှုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် တစ်စုံတစ်ရာညွှန်ကြားခြင်းမရှိသေးဘဲ လာမည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် ယင်းကိစ္စကို ဆွေးနွေးဖွယ် ရှိသည်ဟုလည်း ကြားသိရသည်။

ဦးဝင်းထိန်သည် ၎င်း၏သားဖြစ်သူ မင်္ဂလာဆောင်အပြီး၊ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့က သြစတေးလျ နိုင်ငံသို့ ဆေးဝါးကုသရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကာ မထွက်ခွာမီ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

အသက် ၇၇ နှစ် အရွယ် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်သည် ၁၉၈၈ NLD ပါတီ စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်နေ ၁၉၉၅ ခုှနှစ်မှာ ထောင် ၁ ကြိမ်၊ ၁၉၉၆ တွင် ထပ်မံဖမ်းဆီးခံရပြီး ၂၀၀၈ ခုနှစ် တွင် ပြန်လွတ်လာခဲ့သော်လည်း ၂၄ နာရီ မပြည့်ခင်မှာ ထပ်မံဖမ်းဆီးခံခဲ့ရပြီး၂၀၁၀ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့ နယ်ကနေ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရပြီး၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ခြင်းမရှိပေ။

ယင်းနောက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တာဝန်များထမ်းဆောင်ချိန်တွင် ပါတီ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ကိုဖွဲ့စည်း၍ ယင်းအဖွဲ့တွင် အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ဒေါက်တာဇော်မြင့်မောင်၊ဦးဟံသာမြင့်တို့နှင့် အတူ ပါတီတာဝန်များထမ်းဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly