ခန္တီးမြို့တွင် ငြိမ်းချမ်းရေးအလံများကို ခရိုင်အုပ်ချုပ်ရေးမှူးက ဖြုတ်သိမ်းခိုင်းဟု ဆို

ခန္တီးမြို့တွင် ငြိမ်းချမ်းရေးအလံများကို ခရိုင်အုပ်ချုပ်ရေးမှူးက ဖြုတ်သိမ်းခိုင်းဟု ဆို
ခန္တီးမြို့ ကမ်းနားလမ်းတွင် စိုက်ထူထားသည့် ငြိမ်းချမ်းရေးအလံများ (ဓာတ်ပုံ၊အောင်ဆန်းမြင့်)

မန္တလေး၊မတ် ၁၆ ။             ။ ငြိမ်းချမ်းရေးကို ကြိုဆိုသောအားဖြင့် ဂုဏ်ပြုစိုက်ထူထားသော အလံများကို ခန္တီးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးက မတ်လ ၁၆ ရက်၊မွန်းလွဲ၁နာရီက   ဖြုတ်သိမ်းခိုင်းနေသည်ဟု ခန္တီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက မဇ္ဈိမကိုပြောသည်။

ငြိမ်းချမ်းရေးအလံများကို ခန္တီးမြို့၊ကမ်းနားလမ်းတွင် ဖေဖော်ဝါရီလ ၁၂ ရက်၊(ပြည်ထောင်စုနေ့)က စတင်စိုက်ထူခဲ့ရာ ယနေ့ မတ်လ ၁၆ ရက် အချိန်ထိဖြစ်သည်။

ထိုသို့ ယနေ့ အချိန်ထိ ငြိမ်းချမ်းရေးအလံများကို စိုက်ထူထားရခြင်းမှာ နိုင်ငံတော်အစိုးရလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ထောက်ခံခြင်းအားဖြင့် စိုက်ထူထားခြင်းဖြစ်သည်ဟု ဦးသိန်းလှိုင်ဝင်းကဆိုသည်။

"ဖြုတ်သိမ်းပေးဖို့ ဖုန်းဆက်ပြောတာပါ။ဘာကြောင့် အခုလိုပြောလဲတော့ ကျွန်တော်လည်း နားမလည်ဘူး။ ကျွန်တော်တို့အနေနဲ့က မဖြုတ်ချင်ပါဘူး။"ဟု ဦးသိန်းလှိုင်ဝင်းက ပြောသည်။

ငြိမ်းချမ်းရေးအလံများ ဆက်လက်စိုက်ထူခွင့်ရရှိရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ယခု မွန်းလွဲ ၂ နာရီက စာတင်လိုက်ပြီဟု ၎င်းကဆိုသည်။

ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က "ဘယ်သူတွေစိုက်မှန်းလည်းမသိဘူး။တရားဝင် စာတင်ခဲ့တာလည်း မရှိဘူး။ဒါကြောင့် ဦးသိန်းလှိုင်ဝင်းဆီကို ဖုန်းဆက်ဖြုတ်ခိုင်းလိုက်တာပါ။မကြာခင် တံတားဖွင့်ပွဲကလည်း လုပ်တော့မှာ လူကြီးတွေက ဒီအလံတွေမြင်ပြီးမေးရင် ကျွန်တော်ဘာဖြေရမလဲ။ ကျွန်တော်တို့ ကိုယ်တိုင်မဖြုတ်ပါဘူး။ ဘာမှ မလုပ်ပါဘူး။ စိုက်တဲ့သူတွေကိုပဲ ပြန်ဖြုတ်ခိုင်းတာပါ။"ဟု မဇ္ဈိမကိုပြောသည်။

ငြိမ်းချမ်းရေးအလံများကို ဖြုတ်သိမ်းသွားမှာ မဟုတ်ဘဲ ဆက်လက်စိုက်ထူးထားမည်ဟု ဒေသခံအချို့နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required