တနိုင်တပိုင် ရွှေတူးဖော်မှုအတွက် တရားဝင်ခွင့်ပြုချက် ရရန် ဗန်းမောက်မြို့နယ် ဒေသခံများ လိုလား

တနိုင်တပိုင် ရွှေတူးဖော်မှုအတွက် တရားဝင်ခွင့်ပြုချက် ရရန် ဗန်းမောက်မြို့နယ် ဒေသခံများ လိုလား

မုံရွာ၊ မတ် ၁၆။                               ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်ရှိ ဒေသခံများအတွက် တနိုင်တပိုင်ရွှေတူးဖော်ခွင့်များ ရရန် လိုအပ်လျှက်ရှိကြောင်း ဗန်းမောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက မတ် ၁၆ ရက်က ပြောသည်။

လက်ရှိအချိန်တွင် ဒေသခံများက တနိုင်တပိုင် ရွှေတူးဖော်နေကြပြီး အစိုးရမှ တရားဝင်တူးဖော်ခွင့်ပြုထားခြင်း မဟုတ်ပေ။

"တနိုင်တပိုင်တော့ တူးနေကြတာပဲ။ ဒါပေမယ့် တရားဝင်လုပ်ခွင့်ရတာမဟုတ်တော့ ဒေသခံတွေအတွက် အခက်အခဲတွေ ဖြစ်နေတယ်။ လိုက်ပြီးတော့ ကြီးကြပ်လိုက်ပြီဆိုရင်လည်း ဒေသခံတွေပဲ နစ်နာမယ်။ ဒီအတိုင်း လွှတ်ထားရင်လည်း ကုမ္ပဏီလုပ်ကွက်တွေထဲဝင်ပြီး ရွှေတူးဖော်မှုတွေ ရှိလာတယ်။ တနိုင်တပိုင် ရွှေတူးဖော်ဖို့ အတွက် နေရာတစ်ခုချထားပေးပြီးတော့ ကြီးကြပ်ဖို့ လိုအပ်တယ်။" ဟု ဗန်းမောက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောသည်။

ဗန်းမောက်မြို့နယ် ဒေသခံများသည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး လယ်ယာနားချိန်တွင် တောင်ပေါ်တက်ကာ တနိုင်တပိုင်ရွှေတူးဖော်ခြင်း လုပ်ငန်းများလုပ်ကိုင်ကြကြောင်း၊ ဟင်းသီးဟင်းရွက်များ ရှာဖွေစားသောက်ကြကြောင်း၊ မံကပ်ကျေးရွာဒေသခံ များကပြောသည်။

ယင်းသို့ တနိုင်တပိုင်ရွှေတူးဖော်မှုများအတွက် လုပ်ကွက်များချထားပေးရန် တိုင်းဒေသကြီးအစိုးရမှ ပြည်ထောင်စုသို့ တင်ပြထားပြီးဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးကမ်ဇာမုံ ကပြောကြားခဲ့ကြောင်း ဦးဝင်းရွှေက မဇ္ဈိမသို့ ပြောသည်။

ဗန်းမောက်မြို့နယ်တွင် ရွှေတူးဖော်ရေးကုမ္ပဏီလုပ်ကွက် ၃၀ ကျော်ရှိပြီး အကြီးစားရွှေတူးဖော်ရေး ကုမ္ပဏီများ မှာ ထာဝရ၊ အေးအေးခိုင်၊ ဆုထူးပန် စသည့်ကုမ္ပဏီတို့ဖြစ်ကြပြီး ကျန်ကုမ္ပဏီများမှာ အသေးစားရွှေတူးဖော်ရေး ကုမ္ပဏီများသာဖြစ်ကြောင်း သိရသည်။

သို့သော် ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီများ ဝင်ရောက်တူးဖော်နေပြီးနောက်တွင် ဒေသခံ တနိုင်တပိုင် ရွှေတူးဖော်နေသူများမှာ ရွှေသတ္တုထွက်ရှိရာတောင်ပေါ်သို့ပင် တက်ရောက်ခွင့် မရတော့ကြောင်း မံကပ်ရွာဒေသခံ တစ်ဦးကပြောသည်။

ရွှေသတ္ထု တူးဖော်ရေးလုပ်ကွက်များရှိရာ ဗန်းမောက်မြို့နယ်သို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် သယံဇာတရေးရာကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး MATA အဖွဲ့တို့ ပူးပေါင်းကာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ကွင်းဆင်းလေ့လာခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required