သမ္မတတိုက်ရိုက်ခန့်သည့် နေပြည်တော်ကောင်စီဝင် သမ္မတကိုယ်တိုင် ပြန်ဖြုတ်

သမ္မတတိုက်ရိုက်ခန့်သည့် နေပြည်တော်ကောင်စီဝင် သမ္မတကိုယ်တိုင် ပြန်ဖြုတ်
မတ်လ ၈ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တွေ့ရသည့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်(ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်)
 

နေပြည်တော်(မတ်လ ၁၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ သမ္မတက တိုက်ရိုက်ခန့်အပ်ထားသည့် နေပြည်တော်ကောင်စီဝင်များအနက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် တည်ဆောက်ရေးကဏ္ဍတာဝန်ခံဖြစ်သူ ကောင်စီဝင် ဦးတင်ထွဋ်ကို တာဝန်မှရပ်စဲကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၅ရက် ရက်စွဲဖြင့် အမိန့်ထုတ်ပြန်လိုက်သည်။

အခြေခံဥပဒေပုဒ်မ ၂၈၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၃)(ကက)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၃၊ ပုဒ်မခွဲ(က)နှင့် နေပြည်တော်ကောင်စီဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်ကို တာဝန်မှရပ်စဲလိုက်သည်ဟု သမ္မတဦးထင်ကျော်၏ အမိန့်ပြန်တမ်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် (၈)နှစ်ခန့်က ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေ ပြဌာန်းခဲ့သည့် နေပြည်တော်ကောင်စီဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ(က)အရ “ကောင်စီဥက္ကဌဖြစ်စေ၊ အခြားကောင်စီဝင်များဖြစ်စေ ပေးအပ်ထားသောတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်လျှင် နိုင်ငံတော်သမ္မတသည် ၎င်းအား တာဝန်မှရပ်စဲနိုင်သည်။ သမ္မတ၏ ညွှန်ကြားမှုများကို မလိုက်နာလျှင် ၎င်းအား တာဝန်မှ ရပ်စဲထုတ်ပယ်နိုင်သည်” ဟူ၍ ပြဌာန်းထားသည်။

တာဝန်မှရပ်စဲခံရသူ ဦးတင်ထွဋ်သည် နေပြည်တော်ကောင်စီ၏ အသုံးစရိတ်များနှင့်ပတ်သက်၍ လွှတ်တော်သို့ လာရောက်ရှင်းလင်းတင်ပြလေ့ရှိသူ ဖြစ်သလို နေပြည်တော်ရှိ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ၊ တင်ဒါများနှင့်ပတ်သက်ပြီး အဓိက တာဝန်ယူရသူလည်းဖြစ်သည်။

၎င်း၏ ဆောင်ရွက်ချက်များသည် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်းများနှင့် မညီသည့်အပေါ် အဂတိလိုက်စားမှုဖြင့် ကျော်စောသတင်းများ၊ စွပ်စွဲမှုများ ရှိလာရာ ဖြေရှင်းခိုင်းသော်လည်း မဖြေရှင်း၊ နှုတ်ထွက်ခိုင်းသော်လည်း မထွက်ခြင်းကြောင့် ယခုကဲ့သို့ တာဝန်မှရပ်စဲလိုက်ခြင်းဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဦးတင်ထွဋ်၏ ကိုယ်ရေးအရာရှိဖြစ်ခဲ့သူ ဦးမျိုးသန့်ကမူ “ကျွန်တော်လည်း ဘာမှ မပြောနိုင်ဘူးခင်ဗျ။ ကျွန်တော်ကိုယ်တိုင်တောင် ယောင်ဝါးဝါး ဖြစ်သွားတယ်။ မနေ့ကညနေမှ လှမ်းပြီးတော့ အကြောင်းကြားတာပဲ ကျွန်တော်တို့ သိတယ်” ဟု ဆိုသည်။ ဦးတင်ထွဋ်ကို မဇ္ဈိမက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

ဦးတင်ထွဋ်သည် ငွေစာရင်း၊ ဘဏ္ဍာရေးနှင့်ပတ်သက်သည့်လုပ်ငန်းများတွင် ကျွမ်းကျင်မှုရှိသူဖြစ်ပြီး အဆိုပါ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး ပုဂ္ဂိုလ်ရေးခင်မင်မှုဖြင့် လုပ်ငန်းရှင်များနှင့် ပေါင်းသင်းဆက်ဆံမှုတွင် အားနည်းချက်များရှိသည်ဟု တပ်ကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်တင့်က သုံးသပ်ပြောကြားသည်။

“ကျွန်တော့အနေနဲ့ သူဘာအပြစ်တွေဖြစ်တယ်ဆိုတာတော့ အသေးစိတ် မသိဘူး။ ဒါပေမယ့် သူက အစိုးရအဖွဲ့ဝင်တစ်ယောက်အဖြစ် တာဝန်ယူရတဲ့ကာလမှာ အဓိကတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆက်ဆံမှုကတော့ နည်းနည်းလေး ဆင်ခြင်ရမှာပေါ့။ လုပ်ငန်းရှင်တွေ တော်တော်များများနဲ့ ပေါင်းသင်းဆက်ဆံမှုမှာတော့ ရောထွေးတာလေးတွေတော့ တော်တော်များများ တွေ့ရတယ်” ဟု ဦးကျော်တင့်က မှတ်ချက်ပြုသည်။

“ညီအစ်ကို သဘောလို အသိပေးခဲ့တာ ရှိတယ်။ ဆရာထွဋ်လို့ ခင်ဗျားအနေနဲ့ လက်ရှိတာဝန်အရ အစိုးရအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတယ်။ ပြီးတော့ ကိုယ်က စီမံဘဏ္ဍာလုပ်ငန်းတွေကိုလည်း ကိုင်တွယ်ရတာဖြစ်တဲ့အတွက် ယခင်က ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုနဲ့ ပေါင်းသင်းဆက်ဆံမှု အားကောင်းခဲ့တာ မှန်ပေမယ့် ဒီအချိန်မှာ နည်းနည်း ဆင်ခြင်သင့်တယ်လို့ သူ့ကို တစ်ခါ အကြံဉာဏ်ပေးခဲ့ဖူးတာ ရှိခဲ့တယ်” ဟုလည်း ၎င်းက ဆိုသည်။

နေပြည်တော်ကောင်စီနည်မြေရှိ နောက်ထပ် လွှတ်တော်အမတ်တစ်ဦးကလည်း ဦးတင်ထွဋ်အနေဖြင့် တင်ဒါလုပ်ငန်းများကို ကိုင်တွယ်ရသည့်အတွက် သူ့အတွက် အန္တရာယ်ကြီးမားကြောင်း သုံးသပ်သည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှ အစပြု၍ လက်ရှိ NLD ဦးဆောင်သည့် အစိုးရသက်တမ်းအထိ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့မှ တာဝန်ရှိသူတစ်ဦးဦးကို အနားပေးလျှင် “တာဝန်မှ ရပ်စဲလိုက်သည်” ဟူသည့် ထုတ်ပြန်ချက်မှာ မရှိသလောက် ရှားပါးပြီး များသောအားဖြင့် “မိမိဆန္ဒအလျောက် နှုတ်ထွက်ခွင့် ပြုသည်” ဟူ၍သာ ပြည်သူလူထုကို အသိပေး ထုတ်ပြန်လေ့ရှိသည်။

သမ္မတတိုက်ရိုက်အုပ်ချုပ်သည့် နေပြည်တော်တွင် လက်ရှိ အစိုးရသက်တမ်းအတွင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဖြစ်သူ တပ်မတော်အရာရှိဟောင်းတစ်ဦး တာဝန်မှ နှုတ်ထွက်ခဲ့သည့်ဖြစ်စဉ်နှင့် နေပြည်တော်စည်ပင်ဌာနမှူးနှစ်ဦးကို အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေတွင် ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးဟူ၍ မြို့နယ်ပေါင်း (၈)မြို့နယ် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required