လူငယ်နဲ့ စကားပြေအရေးအသားပြဿနာ ၆

.

 

စကားပြေရေးတဲ့အခါ အစကတည်းက စကားပြေရဲ့ အခြေခံကျတဲ့ အဆင့်တွေ၊ အခြေခံကျတဲ့ အကြောင်းအရာတွေကို အထိုက်အလျောက် သိထားမယ်ဆိုရင် တကယ်လက်တွေ့ စကားပြေချရေးတဲ့အခါ မမှားသင့်တာတွေမမှားဖို့နဲ့ စကားပြေရဲ့အရေးပါမှုကို အလေးအနက်ထားဖို့ တကယ့်ကို အထောက်အကူဖြစ်စေပါလိမ့်မယ်။

ဒါကြောင့်မို့ စကားပြေရဲ့ အရေးပါတဲ့ အခြေခံအချက်တချို့ကို ရှေ့ပိုင်းမှာ အဆင်ပြေသလို ဆွေးနွေးခဲ့ပါတယ်။ အခု ဒီကနေ့တော့ စကားပြေတစ်ပုဒ် ချမရေးခင် အပြောနဲ့ အရေး အရေးပါမှု သီးခြားအဓိပ္ပါယ်ရှိမှုကို ဦးစွာပြောပြချင်ပါသေးတယ်။

အပြော ဆိုတာက နှုတ်နဲ့ စကားပြောတာကို အပြော၊ နှုတ်နဲ့ စီကာပတ်ကုံးပြောတာကို အပြောစကားပြေလို့ ခေါ်ပါတယ်။ အရေးစကားပြေဆိုတာက နှုတ်နဲ့မဟုတ်ဘဲ လက်နဲ့ ချရေးပြီးပြောတာကို အရေးစကားပြေလို့ ခေါ်ပါတယ်။

အဲဒီ အပြောစကားပြေနဲ့ လက်နဲ့ချရေးပြီးပြောတဲ့စကားပြေမှာ တူညီတဲ့အချက်က အကြောင်းအရာ ရှိရမယ်ဆိုတဲ့အချက်ပါပဲ။ အပြောစကားပြေမှာ ပြောပြလိုတဲ့ သိစေလိုတဲ့ အကြောင်းအရာ ရှိရမှာဖြစ်သလို ချရေးပြီးပြောတဲ့အခါမှာလည်း ပြောပြလို သိစေလိုတဲ့အချက် အကြောင်းအရာဆိုတာ ရှိရပါတယ်။

အပြောမှာပဲဖြစ်ဖြစ် အရေးမှာပဲဖြစ်ဖြစ် ပြောလိုတဲ့ သိစေလိုတဲ့ အကြောင်းအရာ ရှိတာတော့ မှန်ပါပြီ။ ပြောလည်းပြောလိုက်ပါပြီ၊ ရေးလည်းရေးလိုက်ပါပြီ။ ဒါပေမယ့် အဲဒီလိုပြောလိုက် ရေးလိုက်တဲ့အခါ အပြောစည်းကမ်း အရေးစည်းကမ်း မှန်ကန်ဖို့ လိုအပ်ပြန်ပါတယ်။ အဲဒါကတော့ အပြောမှာပဲဖြစ်ဖြစ် အရေးမှာပဲဖြစ်ဖြစ် ပြောပုံပြောနည်းစည်းကမ်း ရေးပုံရေးနည်းစည်းကမ်းဆိုတာရှိပါတယ်။ အဲဒီစည်းမျဉ်းစည်းကမ်းတွေအရ ပြောမှ ရေးမှလည်း ကိုယ်ပြောပြလိုတဲ့ ကိုယ့်ရည်ရွယ်ချက်ကို ပေါ်လွင်အောင် ပြောနိုင်ရေးနိုင်မှာပါ။

လူတချို့ စကားပြောတဲ့အခါ လူတချို့ စာရေးတဲ့အခါ နားထောင်တဲ့သူ စာဖတ်တဲ့သူ နားမလည်စေဘူးဆိုရင် အဲဒါ အပြောစည်းကမ်း အရေးစည်းကမ်း မှန်ကန်တိကျမှု မရှိလို့ပါပဲ။ “ဒီလိုစကားပြောတာ ဘာတွေမှန်းမသိဘူး၊ ဒီလို ဘာတွေရေးထားမှန်းမသိဘူး”ဆိုတာ အရေးစည်းကမ်းနဲ့ညီအောင် ရေးမပြနိုင်လို့ပါပဲ။

ဥပမာ “ကျနော် မင်းဘူးမြို့ကို သွားတယ်” လို့ပြောတဲ့အခါ သူ့ရဲ့အပြောစည်းကမ်း သို့မဟုတ် သဒ္ဒါ ကို မှန်ကန်အောင်ပြောရပါတယ်။ ဒါကို “သွားတယ် မင်းဘူး ကျနော်”လို့ပြောရင် ပြောလိုတဲ့အဓိပ္ပါယ်ကို မပေါ်လွင်နိုင်၊ နားထောင်တဲ့သူလည်း နားလည်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုပဲပါပဲ။ လက်နဲ့ချရေးပြီးပြောရင်လည်း “ကျနော် မင်းဘူးကို သွားသည်” လို့ရေးရမယ့်အစား “မင်းဘူး သွားသည် ကျနော်” လို့ရေးရင် စာဖတ်သူအဖို့ နားလည်နိုင်စရာအကြောင်းမရှိပါဘူး။

ဒါကြောင့်မို့ ပြောရင်ပဲဖြစ်ဖြစ် ချရေးရင်ပဲဖြစ်ဖြစ် အပြောနဲ့အရေးမှာ စည်းကမ်းနည်းလမ်းနဲ့အညီပြောမှ ရေးမှသာ ကိုယ်ပြောလို ရေးပြလိုတဲ့အကြောင်းအရာကို ပေါ်လွင်စေမှာပါ။

ဒီနေရာမှာ မပြောခင် မရေးခင် ပြောချင်ရေးချင်သူမှာ ကိုယ်ပြောမယ့်ရေးမယ့် အကြောင်းအရာကို ကိုယ်ကိုယ်တိုင်က ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုအပ်ပါသေးတယ်။

“အပြောရှင်းဖို့ အတွေးအရင်ရှင်းရမယ်”ဆိုတဲ့စကား၊ “အရေးရှင်းဖို့ဆိုရင်လည်း အတွေးရှင်းရမယ်”ဆိုတဲ့ စကားဟာ မပြောခင် မရေးခင် ပြောမယ့်ရေးမယ့်သူမှာ အတွေးရှင်းလင်းတိကျနေဖို့လိုတယ်ဆိုတာကို ဖေါ်ညွှန်းတဲ့စကားပါပဲ။ ဒါလည်း အရေးကြီးပါတယ်။ စကားပြေချရေးတဲ့အခါ ဝေ့လည်ကြောင်ပတ် အဓိပ္ပါယ်ရှုတ်ထွေးနေတဲ့အခါ “ဟာကွာ ဒီလူက သူကိုယ်တိုင်က သူပြောချင်တဲ့အကြောင်းအရာကို ရေရေရာရာ သိမှမသိတာဘဲ” ဆိုတဲ့ ဝေဖန်မှုမျိုးဟာ ပြောတဲ့ရေးတဲ့သူက သူပြောမယ့်ရေးမယ့်အကြောင်းအရာကို သူကိုယ်တိုင်က ပိုင်နိုင်တိကျစွာ သိမထားဘူးဆိုတာကို ထောက်ပြတဲ့သဘောပါပဲ။

ကဲ ဒါတွေကို ပြန်ပြီး ချုပ်ကြည့်ကြရအောင်ပါ။

စကားပြေမှာ အပြောစကားပြေနဲ့ အရေးစကားပြေဆိုတာ ရှိတယ်။ အဲဒီစကားပြေကို ပြောတဲ့ရေးတဲ့အခါ သူ့မှာသတ်မှတ်ထားတဲ့ အပြောစည်းကမ်းနည်းလမ်း သို့မဟုတ် သဒ္ဒါ မှန်ကန်ရမယ်။

ဒါ့အပြင် စကားပြေနဲ့ပြောချင်ရေးချင်သူမှာ ဦးစွာပထမ ကိုယ်ပြောချင်ရေးချင်တဲ့အကြောင်းအရာကို ကိုယ်ကိုယ်တိုင်က ဦးစွာပထမ သေချာတိကျရှင်းလင်းစွာ နားလည်ထားရမှာပါ။

နောက်ထပ်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်တွေ ရှိနေပါသေးတယ်။ ဥပမာ အပြော က အရေးထက် ပိုမိုလွတ်လပ်တဲ့သဘော ရှိတယ်ဆိုတာမျိုးတို့၊ အပြောမှာပါရှိတဲ့ အသံ အနိမ့်အမြင့်တွေ စကားလုံးတစ်လုံးနဲ့တစ်လုံးအကြား ကွာဟမှုတွေကို အရေးမှာကြတော့ အဲဒါတွေ ပါအောင်ပေါ်အောင် ရေးလို့မရနိုင်ဘူးဆိုတဲ့အချက်နဲ့ အပြောဟာ သဒ္ဒါစည်းကမ်းကို လိုအပ်သလို ချိုးဖျက် အသုံးပြုနိုင်တယ်ဆိုတဲ့အချက်တွေလည်း ရှိပါသေးတယ်။

ကဲ ဒါတွေကိုတော့ နောက်နေ့ကြမှ ထပ်ပြီး ဆွေးနွေးပါဦးမယ်။

ဒီကနေ့တော့ ဒီလောက်ပါပဲ။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကောင်းမွန် ထက်မြက်နိုင်ကြပါစေ။

အပိုင်း(၁) အား ဖတ်ရန်-http://www.mizzimaburmese.com/article/37601

အပိုင်း( ၂ ) အား ဖတ်ရန်-http://www.mizzimaburmese.com/article/37690

အပိုင်း (၃)အား ဖတ်ရန် - http://mizzimaburmese.com/article/37691

အပိုင်း (၄)အား ဖတ်ရန် - http://mizzimaburmese.com/article/38139

အပိုင်း (၅)အား ဖတ်ရှုရန် - http://www.mizzimaburmese.com/article/38162