အီရန် နျူကလီးယားဗုံး ထုတ်လုပ်ပါက မိမိတို့လည်း အလားတူ လိုက်လုပ်ရလိမ့်မည်ဟု ဆော်ဒီသတိပေး

အီရန် နျူကလီးယားဗုံး ထုတ်လုပ်ပါက မိမိတို့လည်း အလားတူ လိုက်လုပ်ရလိမ့်မည်ဟု ဆော်ဒီသတိပေး

 

မတ် ၁၆ ။                ။ အကယ်၍များ အီရန်တို့ နျူကလီးယားလက်နက်တစ်ခု ရသွားမည်ဆိုပါက မိမိတို့ဆော်ဒီအာရေးဗျလည်း အလားတူအတိုင်း ရအောင် လိုက်လုပ်ရလိမ့်မည်ဖြစ်ကြောင်း   ဆော်ဒီအိမ်ရှေ့စံမင်းသားက အမေရိကန် တီဗီအင်တာဗျူးတစ်ခုမှာ ဖြေကြားသွားခဲ့သည်။

အဆိုပါ အင်တာဗျူးတွင် ဆော်ဒီ အိမ်ရှေ့စံက အီရန်ခေါင်းဆောင်အား အဒေ့ါဖ် ဟစ်တလာနှင့် ခိုင်းနှိုင်းသွားခဲ့သေးသည်။

" ကျွန်တော်တို့ ဆော်ဒီအာရေးဗျအနေနဲ့ကတော့ ဘယ်လို နျူကလီးယားဗုံးမျိုးမှ ပိုင်ဆိုင်လိုစိတ်မရှိဘူးဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး၊ ဒါပေမယ့် အီရန်တို့ ဒါကို ထုတ်လုပ်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့လည်း အမြန်ဆုံး လိုက်လုပ်ရပါလိမ့်မယ်" ဆိုပြီး ဆော်ဒီအိမ်ရှေ့စံ မိုဟာမတ် ဘင် ဆော်လ်မန်က "CBS This Morining" ရုပ်သံအစီအစဉ်တွင် ထုတ်လွှင့်သည့် အင်တာဗျူးတွင် ပြောကြားသွားသည်။

တစ်ချိန်တည်းမှာပင် အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကိုလည်း ခေတ်သစ် ဟစ်တလာဟု ဆော်ဒီမင်းသားက သုံးနှုန်းပြောဆိုသွားသည်။

" ဘာလို့ ဒီလိုပြောရလဲဆိုတော့ သူက ချဲ့ထွင်ချင်နေတယ်လေ၊ အရှေ့အလယ်ပိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင်ပရောဂျက်ဆိုပြီး ဖန်တီးချင်နေတယ်၊ ဒါဟာ ဟစ်တလာ တုန်းကလိုမျိုး ဖြစ်နေတယ်၊ အဲဒီတုန်းကတော့ ဟစ်တလာ ဘယ်လောက်အန္တရာယ်ကြီးမှန်း ကမ္ဘာ့နိုင်ငံအများစုက သဘောမပေါက်ခဲ့ကြပါဘူး။ ခု အဲဒီ့အတိုင်း နောက်ထပ်ဖြစ်ရပ်မျိုး ထပ်ဖြစ်လာတာမျိုး ကျွန်တော်မမြင်ချင်ပါဘူး" ဟု ဆော်ဒီအိမ်ရှေ့စံက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required