မှောင်ခိုရေနံတင်သင်္ဘောကြီးတစ်စီးကို လစ်ဗျားရေတပ်ဖမ်းဆီး

မှောင်ခိုရေနံတင်သင်္ဘောကြီးတစ်စီးကို လစ်ဗျားရေတပ်ဖမ်းဆီး

 

ထရီပိုလီ။ လစ်ဗျား၊ မတ် ၁၆ ။                  ။ လောင်စာဆီများကို တရားမဝင်သယ်ဆောင်လာသည်ဟု သံသယရှိရသည့် ရေနံတင်သင်္ဘောတစ်စင်းနှင့် ယင်းသင်္ဘောပေါ်တွင်လိုက်ပါလာသော ဂရိသင်္ဘောသားများကို လစ်ဗျားရေတပ်က ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။

အဆိုပါရေနံတင်သင်္ဘောကြီးကို ဗုဒ္ဓဟူးနေ့ အနှောင်းပိုင်းကတည်းက အဘူကာမက်ရှ် ရေနံချက်စက်ရုံမှ  ၈ မိုင် ခန့် ကွာဝေးသော လစ်ဗျားအနောက်ဘက်ကမ်းရိုးတန်း၌ ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ အာရွတ်ကာဆမ်က ဆိုခဲ့သည်။

အဘူကာမက်ရှ်စက်ရုံသည် ရေနံပေါကြွယ်ဝသော လစ်ဗျားနိုင်ငံ၏အကြီးမားဆုံးသော ရေနံဓာတုပစ္စည်းစက်ရုံ ကြီးများထဲမှ တစ်ခုဖြစ်ပြီး ထရီပိုလီမြို့အနောက်ပိုင်းနှင့် တူနီးရှားနယ်စပ်တို့၌ တည်ရှိသည်။

လာမာဟုအမည်ပေးထားသော အဆိုပါသံသယရှိဖွယ် လောင်စာတင်သင်္ဘောကြီးကို လစ်ဗျားရေပိုင်နက်ထဲ၌ ခွင့်ပြုချက်မရှိပဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသင်္ဘောသည် လောင်စာဆီမှောင်ခိုလုပ်ငန်းများ လုပ်ကိုင်နေ ကြဖြစ်သော ရေပိုက်နက်ထဲ၌ရှိနေရကြောင့် ယင်းသို့ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း ကာဆမ်က ဆိုခဲ့သည်။

“အရင်တုန်းကလည်း လောင်စာဆီများကို တရားမဝင်သယ်ဆောင်မှုနဲ့ ဒီရေပိုင်နက်ထဲမှာပဲ သင်္ဘောအများ အပြားကို ဖမ်းဆီးခဲ့ဖူးပါတယ်” ဟု သူက ပြောခဲ့သည်။

အဆိုပါ လောင်စာတင်သင်္ဘောကြီးပေါ်တွင် ဂရိလူမျိုးသင်္ဘောသား ၈ ဦးခန့်ပါဝင်ပြီး ၎င်းတို့အားလုံးကို ထရီပိုလီရှိ ရေတပ်စခန်းသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် စုံစမ်းမေးမြန်းမှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ယင်းလောင်စာတင်သင်္ဘောကြီးသည် လောင်စာ ၉၅၀၀၀၀ လီတာခန့်ကို သယ်ဆောင်လာခဲ့ပြီး ကြားဖြတ် ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်ဟု ကမ်းခြေစောင့်အရာရှိ ဗိုလ်မှူးကြီး အဘူဂျီလာအက်ဘ်ဒယ်ဘာရီက သတင်းဌာနသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required