ဟောင်ကောင်တွင် Uber ဝန်ဆောင်မှုအား ကားများ စီတန်းရပ်တန့်ကာ တက္ကစီမောင်းသူ ဒါဇင်များစွာ ကန့်ကွက်ဆန္ဒပြ

ဟောင်ကောင်တွင် Uber ဝန်ဆောင်မှုအား ကားများ စီတန်းရပ်တန့်ကာ တက္ကစီမောင်းသူ ဒါဇင်များစွာ ကန့်ကွက်ဆန္ဒပြ

ဟောင်ကောင်၊ မတ် ၁၅ ။               ။ ဟောင်ကောင်တွင် ဥပဒေပြုကောင်စီ အဆောက်အအုံအနီးဝန်းကျင်က လမ်းများတွင် မတ် ၁၅ ရက်က အနီ၊ အစိမ်းနှင့် အပြာတက္ကစီကားမျိုးစုံ ဒါဇင်များစွာသည် စီတန်းရပ်တန့်ထားပြီး Uber ဝန်ဆောင်မှုကို ကန့်ကွက်လျက် သာမန်တက္ကစီယာဉ်မောင်းများက ဆန္ဒပြကြသည်။

ဆန္ဒပြသည့်အနေဖြင့် လမ်းများတွင် စီတန်းရပ်ထားကြသည့် တက္ကစီကားပေါင်းမှာ ၄၂ စီးရှိပြီး Uber ဝန်ဆောင်မှုကို အစိုးရက ပိတ်ပင်ပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အီးပီအေသတင်းထောက်က ပေးပို့သည်။

တစ်ချို့သော ကားမောင်းသူများသည် ကားထဲမှာပင် ထိုင်နေကြပြီး အခြား အယောက် ၅၀ ခန့်က ကောင်စီအဆောက်အအုံအနီး စုရပ်ဆန္ဒပြမှုသို့ ပူးပေါင်းပါဝင် ဆန္ဒပြကြပြီး Uber ကို အစိုးရက ပိတ်ပစ်ပေးရေး အစိမ်းနှင့် အနီ စာတမ်းများကို ကိုင်ဆောင် ဝှေ့ယမ်းကြသည်။ Uber အနေဖြင့် လိုင်စင်မဲ့ကားများဖြင့် ပြေးဆွဲဝန်ဆောင်နေပြီး ပုံမှန်တက္ကစီသမားများ၏ စားဝတ်နေရေးကို ခြိမ်းခြောက်နေကြောင်း စွပ်စွဲပြောဆိုခံထားရခြင်း ဖြစ်သည်။

၎င်းတို့၏ မိန့်ခွန်းတက်ဟောပြောမှုများတွင်လည်း တစ်ချို့သော ပြောဆိုသူများက “Uber အမေရိကန် ပြန်သွား”ဟု ကြွေးကြော်အော်ဟစ်သည်။

လာမည့်သီတင်းပတ်အတွင်း သယ်ယူပို့ဆောင်ရေးဌာနက ၎င်းတို့၏ တောင်းဆိုချက်များကို ပြန်ကြားလာလိမ့်မည်ဟုလည်း ဆန္ဒပြကားသမားများက မျှော်လင့်ထားပြီး တုံ့ပြန်မှုအပေါ် မူတည်၍ တက္ကစီအသင်းအဖွဲ့က ပိုမိုကြီးမားသော ဆန္ဒပြမှုများကို လုပ်ဆောင်ရန် အစီအစဉ်ဆွဲထားကြသည်။

ယခု မတ် ၁၅ ရက် ဆန္ဒပြမှုသည် နံနက် ရှစ်နာရီခွဲမှစကာ နေ့လယ်အထိ ဆန္ဒပြခဲ့ကြခြင်းဖြစ်သော်လည်း ဟောင်ကောင်တွင် ဟောင်ကောင်တွင် တက္ကစီ ထောင်သောင်းများစွာ ရှိနေခြင်းအတွက် သယ်ယူပို့ဆောင်ရေးတွင် အနည်းအကျဉ်းသာ သက်ရောက်မှု ရှိခဲ့သည်။

ကမ္ဘာ့အဓိကမြို့ကြီးများတွင်လည်း ၂၀၀၉ ခုနှစ်မှ စတင်ကာ အက်ပရီကေးရှင်းတစ်ခုဖြင့် ဝန်ဆောင်မှုပေးသော Uber အား သာမန်တက္ကစီသမားက ဆန့်ကျင်ကန့်ကွက်ကြသည့် ဆန္ဒပြမှုများ ရှိနေသည် Uber ရှိခြင်းက သာမန်တက္ကစီယာဉ်များအတွက် မမျှတသည့် ယှဉ်ပြိုင်မှုဖြစ်ကြောင်း တက္ကစီသမားများက ပြောဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required