“ ရွေးကောက်ပွဲကော်မရှင် ကိုယ့်တာဝန် ကိုယ်ကျေအောင် ကြိုးစားပါ ”

“ ရွေးကောက်ပွဲကော်မရှင် ကိုယ့်တာဝန် ကိုယ်ကျေအောင် ကြိုးစားပါ ”

အခုဆိုရင် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပေါင်း ၇၀ ကျော်ပဲ လိုပါတော့ တယ်။ ရွေးကောက်ပွဲကြီးတစ်ခု အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ကျင်းပနိုင်ဖို့ဆိုရင် အဓိက စွမ်းဆောင်ပေး ရမယ့်သူဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပါ။ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က သူ့လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် အကောင်အထည်ဖော်နိုင် အောင် အပြည့်အဝ အကူအညီပေးရမှာက အစိုးရအာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်နဲ့ တပ်မ တော်ပါ။ ဒီကနေ့မှာတော့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သူတာဝန်ယူထားရတဲ့ သူ့တာဝန် ကျေပွန်ပါရဲ့လား၊ ရှေ့ ဘာဆက် လုပ်ကိုင်သွားဖို့ သင့်သလဲဆိုတာ အဓိကထား ဆွေးနွေး တင်ပြ သွားပါ့မယ်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟာ ဦးတင်အေး ဖြစ်ပါတယ်။ အရင် စစ်အစိုးရခေတ်က ထိပ်တန်းတာဝန်ယူခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ဖြစ်သလို ၂၀၁၀ ရွေးကောက်ပွဲမှာ တပ်မတော်က ဖွဲ့စည်းပေးတဲ့ ပြည်ခိုင်ဖြိုးပါတီကနေ ရွေးကောက်ပွဲဝင်၊ အနိုင်ရ အမတ် ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒီလို ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှု အများကြီး ထွက်ခဲ့ပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ခန့်အပ်ခဲ့တာမို့ စောကဒ တက်လို့တော့ မရပါဘူး။ တကယ့်အားနည်းချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အထဲမှာပဲ ရှိနေပါတယ်။ ကော်မရှင် ဥက္ကဋ္ဌတင်မက ကော်မရှင်အဆင့်ဆင့်ရဲ့ တာဝန်ရှိသူတွေနေရာမှာ ခန့်ထားတာက လည်း အားလုံးနီးပါး တပ်မတော် အရာရှိဟောင်းတွေ ချည်းပါ။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလ အစကတည်းက ပြင်ဆင်ဆောင်ရွက်ထားတာတွေဖြစ်ပြီး ၂၀၁၅ မတိုင်ခင်မှာလည်း ကော်မရှင် အဆင့်ဆင့်ထဲကို တပ်မတော် အရာရှိဟောင်းတွေ ရောက်ရှိနေအောင် ဆောင်ရွက် ထားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုလို ရွေးကောက်ပွဲကျင်းပဖို့ အလွန်နီးကပ်နေချိန်မှာ တော့ ဘယ်သူကမှ ဒီအကြောင်းတွေ ပြန်လှန်ပြီး မပြောဆိုတော့ပါဘူး။ တကယ် အရေးကြီးတာက အဲဒီ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဆင့်ဆင့်သော ကော်မရှင်တာဝန်ရှိသူတွေ သူတို့တာဝန်သူတို့ ကျေပွန် ကြပါသလား ဆိုတာပါ။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အဓိကတာဝန်တွေဟာ သိပ်များများစားစား မရှိပါဘူး။ မြန်မာ နိုင်ငံသားတစ်ယောက် ဖြစ်မယ်၊ အရွယ်ရောက်ပြီး မဲပေးပိုင်ခွင့် အရည်အချင်းနဲ့လည်း ပြည့်စုံမယ် ဆိုရင် အဲဒီပြည်သူတွေအားလုံး မဲပေးခွင့်ရဖို့ မဲပေးခွင့် မဆုံးရှုံးဖို့ အဓိက ဆောင်ရွက်ပေးရမှာဟာ ကော်မရှင်ရဲ့ တာဝန်ပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကော်မရှင်ဟာ ဒီတာဝန် လုံးဝ မကျေပွန်ပါ ဘူး။ မဲစာရင်းမှာ မဲပေးခွင့်ရှိသူတွေရဲ့ နာမည်တွေ ပါမလာတာ၊ ဘယ်နိုင်ငံတွေနဲ့မှ မတူ အမှားအ ယွင်းတွေ အလွန်များနေတာဟာ ကော်မရှင် တာဝန်မကျေလို့ ဖြစ်ရတာပါ။ ဒါ့အပြင် ပြည်သူတစ်ဦး တစ်ယောက် သူ့မဲဆန္ဒနယ်မြေပြင်ပ ရောက်နေပြီး အဲဒီသူ ရောက်ရာနေရာမှာ မဲပေးခွင့်ရမယ် မရ ဘူးဆိုတာလည်း ဒီကနေ့အချိန်ထိ မသေချာ မရေရာသေးပါဘူး။ အဲလိုလူမျိုး သန်းနဲ့ချီ ရှိနေပါ တယ်။ နောက်ထပ် အရေးကြီးတာက နိုင်ငံရပ်ခြားထွက်ပြီး တရားဝင် အလုပ်သွားလုပ်နေကြတဲ့ အလုပ်သမားတွေ မဲပေးနိုင်အောင် စီစဉ်ပေးဖို့ပါ။ ဒါလည်း ဒီနေ့အချိန်ထိ ဟုတ်တိပတ္တိ လုပ်ပေးတာ မတွေ့ရသေးတော့ အဲဒီ သန်းနဲ့ချီတဲ့ ပြည်သူတွေ မဲပေးပိုင်ခွင့် ဆုံးရှုံးဖို့ အလားအလာ အလွန်များပါတယ်။

ရွေးကောက်ပွဲကို ဒိုင်သဖွယ်ကျင်းပတဲ့ ကော်မရှင်အနေနဲ့ ပြိုင်ပွဲဝင်တဲ့ နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ် အမှီအခိုကင်းကင်း ပြိုင်ပွဲဝင်နိုင်အောင် ဆောင်ရွက်ပေးဖို့လည်း တာဝန်ရှိပါ တယ်။ အခုဆိုရင် ရှမ်းပြည်နယ်ဘက်မှာ အင်န်အယ်လ်ဒီ ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ၊ ဌာနေ ပြည်သူ့စစ်အဖွဲ့ဝင် တချို့က သူတို့ရည်ညွှန်းတဲ့ မဲဆန္ဒနယ်မြေမှာ အင်န်အယ်လ်ဒီ အမတ် လောင်းတွေ ဝင်မပြိုင်ဖို့ ဖိအားပေးခြိမ်းခြောက်တာမျိုး ရှိခဲ့ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့ အခြေစိုက် “လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ” ဟာ တပ်မတော် လက်အောက်ခံ နယ်ခြားစောင့်တပ် ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို စည်းရုံးရေး သွားရာမှာ အဲဒီမြို့ အာဏာပိုင်တွေက သူတို့မြို့ကို ပြည်ခိုင်ဖြိုး ပါတီကလွဲပြီး ဘယ်ပါတီမှ စည်းရုံး ရေး လာမဆင်းဖို့၊ ဆိုင်းဘုတ် လာမထောင်ဖို့ တားမြစ်တာ ခံရပါတယ်။ ဒါဟာ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် ပြိုင်ပွဲဝင်လို့ မရအောင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စွက်ဖက်၊ တားမြစ်မှုအစလို့ ပြောနိုင်ပါတယ်။ နောက်ပိုင်း ဒါမျိုး များလာနိုင်ပါတယ်။ ဒီလို ပြဿနာ မျိုးအတွက် ကော်မရှင်ဟာ တပ်မတော်ကို အကူအညီတောင်းပြီး ဖြေရှင်းပေးရမယ့် တာဝန်ရှိပါ တယ်။

ရွေးကောက်ပွဲကော်မရှင်က နောက်ထပ် လုပ်ပေးရမှာ တစ်ခုက ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်အောင် သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပြုဖို့ ဖြစ်ပါ တယ်။ ဒါနဲ့ပတ်သက်ပြီး အခုရက်ပိုင်းမှာ မီဒီယာတွေ သတင်းဘယ်လို ယူရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကော်မရှင်က စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။ အကြမ်းဖျင်း ပြောရရင် မြို့နယ်တစ်ခုမှာ သတင်းဌာနတစ်ခုက သတင်းသမား ၃ ယောက်အထိပဲ သတင်းယူနိုင်မယ်၊ အဲဒီသတင်းသမားတွေဟာ သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်မှာ သွားပြီး လျှောက်ထားရမယ် ဆိုတာမျိုး ဖော်ပြထားပါတယ်။ တကယ်တော့ ဒီလို ကလေးကလားဆန်တဲ့ ကန့်သတ်မှုမျိုး ဘယ်နိုင်ငံက ကော်မရှင်မှ လုပ်တယ်လို့ မကြားဖူးပါ။ အခုဆို သတင်းယူခွင့်ကို ကန့်သတ်သလိုဖြစ်တဲ့ အဲဒီစည်းကမ်းနဲ့ ပတ်သက်ပြီး သတင်းမီဒီယာသမားတွေ ဝေဖန်နေကြပါပြီ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ စာနယ်ဇင်းကောင်စီ ညှိလို့ရရင်ရ မရရင် ဝိုင်းဝန်းကန့် ကွက်ကြမယ်လို့ ပြောဆိုနေကြတာလည်း ကြားနေရပါတယ်။

တကယ့်တကယ် ဖြစ်သင့်တာက ရွေးကောက်ပွဲမှာ သတင်းယူမယ့် ပြည်တွင်းပြည်ပ သတင်းထောက်တွေမှန်သမျှ စာနယ်ဇင်းကောင်စီလို အဖွဲ့အစည်းမျိုးမှာ မှတ်ပုံတင်၊ စာနယ်ဇင်း ကောင်စီကနေ အသိအမှတ်ပြု ID ကတ်ပြားမျိုးတွေကို ထုတ်ပေး၊ အဲဒီ စာနယ်ဇင်းကောင်စီရဲ့ စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပေးအပ်၊ ဒီလောက်ပဲ လုပ်သင့်တာပါ။ အဲဒီလို စာနယ်ဇင်းကောင်စီမှာ မှတ်ပုံတင်ထားပြီးတဲ့ သတင်းထောက်တွေဟာ မြန်မာတစ်နိုင်ငံ လုံးက ဘယ်မဲရုံ၊ ဘယ်မြို့နယ် ကော်မရှင်ရုံးမှာမဆို သတင်းသွားယူခွင့် ရှိရပါမယ်။ ကော်မရှင်ဟာ သတင်းထောက်တွေ ဘယ်လိုသတင်း ယူရမယ်ဆိုတာ ကိုယ့်ဖာသာကိုယ် သတ်မှတ်ထားပြီး ဖြစ်လေတော့ ဘယ်သတင်းထောက်တွေ သတင်းယူနိုင်တယ် ဆိုတာမျိုးဟာ ကိုယ့်အလုပ်မဟုတ် လို့ ဝင်ရောက်စွက်ဖက် လုပ်ကိုင်ဖို့ မသင့်ပါဘူး။

မီဒီယာ သမားတွေကိစ္စ မီဒီယာ သမားတွေ လုပ်ကြပါလိမ့်မယ်။ အားလုံးကို ခြုံငုံသုံးသပ်ရရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ ကိုယ့်တာဝန် ကိုယ်မကျေသေးပါဘူး။ ကိုယ့်တာဝန် ကိုယ်ကျေရေး အာရုံစိုက် ကြိုးစားသင့်ပြီး မလုပ်သင့်တာ တွေကို မလုပ်ဖို့လည်း ရှောင်ရှားသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags