ပါရီမြို့က မိုးမျှော်တိုက်ကြီးတစ်ခုကို တက်ပြခဲ့တဲ့ ပြင်သစ်လူစွန့်စား

ပါရီမြို့က မိုးမျှော်တိုက်ကြီးတစ်ခုကို တက်ပြခဲ့တဲ့ ပြင်သစ်လူစွန့်စား

 

မတ် ၁၅ ။                 ။ ကမ္ဘာ့အမြင့်ဆုံးသော မိုးမျှော်တိုက်ကြီးတွေကို အကြိမ်ကြိမ် တက်ပြခဲ့လို့ ပြင်သစ် "ပင့်ကူလူသား" ရယ်လို့ လူသိများတဲ့ အသက် ၅၅ နှစ်အရွယ် အလိန်း ရောဘတ် ဆိုသူ လူစွန့်စားတစ်ဦးကတော့ ယခုအခါ နောက်ထပ် အထပ်မြင့်တိုက်ကြီးတစ်ခုကို အောင်မြင်စွာ ထပ်မံတက်ပြနိုင်ခဲ့ပြန်ပါတယ်။

ယမန်နေ့ မတ်လ ၁၄ ရက်မှာတော့ ၎င်းဟာ ပါရီမြို့ စီးပွားရေးရပ်ကွက်တစ်ခုက စတုတ္ထမြောက် အမြင့်ဆုံးသော အဆောက်အအုံကြီးတစ်ခုရဲ့ ထိပ်ဖျားကို အောင်မြင်ချောမွေ့စွာနဲ့ တက်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ အထပ်မြင့်အဆောက်အအုံကို မတက်ခင် အစောပိုင်းကလည်း အခြားအဆောက်အဦးတစ်ခုကို တက်ဖို့လုပ်ခဲ့စဉ်တုန်းကတော့ လုံခြုံရေးဝန်ထမ်းတွေရဲ့ တားမြစ်မှုနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၁၁ နှစ်အရွယ်ကတည်းက ယင်းလိုမျိုး အမြင့်တက်တဲ့ ဝါသနာ စရလာခဲ့တဲ့ ရောဘတ်ကတော့ ယခုအချိန်ထိ ကမ္ဘာတစ်ဝှမ်း မိုးမျှော်တိုက်ပေါင်း ၁၅၀ ကျော်ကို အောင်မြင်စွာ တက်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သူတက်ခဲ့တဲ့ အဆောက်အဦးတွေထဲမှာဆိုရင် ကမ္ဘာ့အမြင့်ဆုံး ဖြစ်တဲ့ ဒူဘိုင်းက Burj Khalifa အဆောက်အအုံ၊ အီဖယ်လ်တာဝါနဲ့ ဆစ်ဒနီအော်ပရာဟောက်စ်တို့လည်း ပါဝင်ပါတယ်။

" ကျွန်တော့်အတွက်ကတော့ အမြင့်တက်ခြင်းက မလုပ်ရမနေနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်၊ ဒါ ကျွန်တော့်ဘဝပါပဲ" လို့ ရောဘတ်က ပြောပါတယ်။

ယခုတစ်ကြိမ် ကြိုးပမ်းမှုမှာတော့ ပြင်သစ်စွမ်းအင်လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Tour Total ရဲ့ ၁၇၉ မီတာ မြင့်တဲ့ မိုးမျှော်တိုက်ကို အချိန်တစ်နာရီတည်းအတွင်း တက်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required