လက်နက်ကိုင်အကြမ်းဖက်မှုများကို ဆန့်ကျင်ကာ အမေရိကန်အနှံ့က ကျောင်းသားများက စာသင်ခန်းများမှ အပြင်ထွက်ကာ သပိတ်ဆင်နွှဲ

လက်နက်ကိုင်အကြမ်းဖက်မှုများကို ဆန့်ကျင်ကာ အမေရိကန်အနှံ့က ကျောင်းသားများက စာသင်ခန်းများမှ အပြင်ထွက်ကာ သပိတ်ဆင်နွှဲ

 

ဝါရှင်တန်၊ မတ် ၁၅ ။             ။ ပြီးခဲ့သည့်လက ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းဝင်းအတွင်း လက်နက်ကိုင် ထင်ရာစိုင်းပစ်ခတ်သည့် သေဆုံးမှုများသော တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း လက်နက်ကိုင်အကြမ်းဖက်မှုများကို ဆန့်ကျင်ကာ အရေးယူဆောင်ရွက်ပေးနိုင် အမေရိကန်နိုင်ငံတစ်ဝန်းက ကျောင်းသားများက စာသင်ခန်းများမှ ထွက်ကာ အရေးဆိုမှုများကို မတ် ၁၄ ရက်က ဆင်နွှဲကြသည်။

ဝါရှင်တန်ဧရိယာအတွင်း ကျောင်းများမှ ရာပေါင်းများစွာသော ကျောင်းသားကျောင်းသူများသည် အိမ်ဖြူတော်ပြင်ဖက်တွင် စုရုံးကာ “ဘယ်တော့မှ ထပ်အဖြစ်မခံ”၊ “တော်သင့်ပါပြီ။” စသည့်ဖြင့် ကြွေးကြော်ကြကာ “သေနတ်မရှိတဲံ ပြည်သူတွေကို ကာကွယ်ပေးပါ။” စာတမ်းများကို ကိုင်ဆောင်ထားကြသည်။

ဒေသစံတော်ချိန် နံနက် ဆယ်နာရီတွင် အမေရိကန်မြို့များစွာမှ ကျောင်းသားများက ဗယ်လင်တိုင်းဒေးက ဖြစ်ပွားခဲ့သော ဖလော်ရီဒါရှိ Marjor Stoneman Douglas အထက်တန်းကျောင်း ပစ်ခတ်မှုအတွင်း သေဆုံးသော ကျောင်းသားကျောင်းသူ ၁၃ ဦးနှင့် ဝန်ထမ်းသုံးဦးတို့အတွက် ဝမ်းနည်းဂုဏ်ပြုကာ ဆိတ်ငြိမ်စွာ ရပ်နေခဲ့ကြသည်။

နယူးဂျာစီပြည်နယ် ချယ်ရီဟေးရျိ အထက်တန်းကျောင်းမှ ကျောင်းသားများသည် ဘောလုံးကွင်းသို့ ချီတက်ကြပြီး ဖလော်ရီဒါအထက်တန်းကျောင်း ပစ်ခတ်မှုမှ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ဖော်ပြမှုအဖြစ် အသည်းပုံ ပုံသဏ္ဍာန် စုရုံးမှုကို လုပ်ဆောင်ခဲ့သည်။

ကျောင်းသားများ၏ လှုပ်ရှားမှုဖြစ်သော “အမျိုးသားကျောင်းသားသပိတ်”ကို စာသင်ခန်းများမှ ထွက်ကာ ဆင်နွှဲခြင်းကို သေဆုံးသူ တစ်ဦးစီအတွက် ဂုဏ်ပြုလျက် ၁၇ မိနစ်ကြာ ဆင်နွှဲကြရန် ရည်သန်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အလျင်အမြန်ပင် နိုင်ငံအနှံ့က အများစုသော ကျောင်းသားများက စာသင်ခန်းများသို့ ပြန်မသွားတော့ဘဲ ဆန္ဒဆက်ပြကြရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ကျွန်မတို့က လွှတ်တော်နဲ့ နိုင်ငံရေးသမားတွေကို သိစေမြင်စေချင်တယ်။ ကျွန်မတို့ ရပ်မတည်နိုင်တော့ဘူး။ ဆက်ပြီးတော့ ဘယ်လိုမှ နှုတ်ဆိတ်မနေနိုင်တော့ဘူး။”ဟု မိခင်နှင့်အတူ အိမ်ဖြူတော်ရှေ့က သပိတ်ပွဲသို့ တက်ရောက်လာသူ အသက် ၁၇ အရွယ် ဘရန်နာဆိုသည့် ကျောင်းသူတစ်ဦးက ပြောသည်။

“ဖလော်ရီဒါက ပတ်လန်းအထက်တန်းကျောင်း ပစ်ခတ်မှုဟာ နောက်ဆုံးပဲ ဖြစ်ရမယ်။”ဟု ၎င်းက ဆိုသည်။

“ကျွန်မတို့အနေနဲ့ လက်နက်တွေကို ပြန်သိမ်းပစ်ဖို့ လိုနေပါပြီ။”ဟု ဘရန်နာ၏ မိခင်ဖြစ်သူကလည်း ပြောသည်။

အမေရိကန်နိုင်ငံအတွင်း လက်နက်နှင့် ဆက်စပ်ကာ သေဆုံးမှုပေါင်းသည် နှစ်စဉ် သုံးသောင်းအထက်တွင် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required