မြန်မာနိုင်ငံ၏ ကဏ္ဍ ၄ ခုတွင် အိန္ဒိယလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထား

မြန်မာနိုင်ငံ၏ ကဏ္ဍ ၄ ခုတွင် အိန္ဒိယလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထား

 

မြန်မာနိုင်ငံအတွက် လိုအပ်ချက်ရှိနေသည့် စွမ်းအင်နှင့် အခြေခံ အဆောက်အဦတည်ဆောက်ရေး အပါအဝင် ကဏ္ဍ (၄)ခုတွင် အိန္ဒိယလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်း အိန္ဒိယ-မြန်မာ ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။

မတ်လ ၁၄ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ အခြေ စိုက် အိန္ဒိယ-မြန်မာကုန်သည်စက်မှုအသင်း (IMCC) တို့ အကြား စီးပွားရေးနှင့်ကုန်သွယ်မှုလုပ်ငန်းများပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ စီးပွားရေး ဆိုင်ရာသတင်းအချက်အလက်များ ပြန်အလှန်ဖလှယ်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲတွင် IMCC ဥက္ကဋ္ဌ Mr. B Sunil Seth က ပြောကြားခဲ့ခြင်း ဖြစ်သည်။

" မြန်မာနိုင်ငံရဲ့ အခြေခံထုတ်ကုန်တွေအနေနဲ့ သစ်နဲ့ လယ်ယာထွက်ကုန်တွေ၊ သတ္တုတွင်းထွက်တွေ ဖြစ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့အတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားတို့လို တဆင့်မြှင့်တဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ လျှပ်စစ်စွမ်းအင်ရရှိရေးဟာ အရေးကြီးပါတယ်။ ဒါကြောင့် အိန္ဒိယကုမ္ပဏီတွေက ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဒါမှမဟုတ်ရင် သဘာဝဓါတ်သုံးငွေသုံး လျှပ်စစ်ထုတ်လုပ်ရေးကနေ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးအမြန်ဆုံးရရှိ အောင် ဆောင်ရွက်ချင်ပါတယ်"ဟု Mr. B Sunil Seth က ဆိုသည်။

ယင်းအပြင်အိုင်တီနှင့်ဝန်ဆောင်မှုလုပ်ငန်းများ၊လယ်ယာထွက်ကုန်များတန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ် ရေးနှင့် ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် မျှော်မှန်းထားသည်ဟု ယင်းက ဆက်လက်ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက " မြန်မာနိုင်ငံ ရဲ့ အကြောင်း၊ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို နားလည်တယ်၊ သိတယ်။ မြန်မာတွေရဲ့စိတ်ဓါတ်ကို သိတယ်။ မြန်မာနိုင်ငံဟာ ဘာလိုအပ်ချက်တွေရှိလဲ။ စောစောက ပြောတဲ့ သယံဇာတ၊ ကုန်ကြမ်းတွေကို ပို့နေမယ့် အစား ကုန်ချော လုပ်ပြီးတော့ ပို့ချင်တယ်။ ဒါတွေကို မြင်ထားတဲ့အတွက် မြန်မာနိုင်ငံဟာ အချိန် တိုတိုနဲ့ မြန်မြန်ဆန်ဆန်တိုးတက်လာလိမ့်မယ်။ နှစ်ဦးနှစ်၀ အကျိုးရှိမယ်ဆိုတာကို မျှော်လင့်တယ်" ဟု ဆိုသည်။

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၁၄၂ သန်းကျော်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly