ပါကစ္စတန်၌ အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူ ၉ ဦးသေဆုံး

ပါကစ္စတန်၌ အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူ ၉ ဦးသေဆုံး

 

လာဟိုး၊ ပါကစ္စတန်၊ မတ် ၁၅ ။                       ။ ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ လာဟိုးမြို့မှ ရဲစစ်ဆေးရေးဂိတ်တစ်ခု၌ ဗုဒ္ဓဟူးနေ့အနှောင်းပိုင်းက အသေခံဗုံးခွဲ တိုက်ခိုက်သူ ဆိုင်ကယ်သမားတစ်ဦး၏ လက်ချက်ကြောင့် လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် လာဟိုးမြို့ဆင်ခြေဖုံးရှိ ရိုင်ဝင်းအရပ်မှ လူ ၆၀၀၀၀ ခန့် ဝတ်ပြုရန်စုဝေးနေသော ဗလီ အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ရဲ ၅ ဦးနဲ့ အရပ်သား ၄ ဦးတို့ သေဆုံးခဲ့တာပါ။ အခြေအနေအရပ်ရပ် အရ ဒါဟာ အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုဖြစ်တယ်လို့ ပြောနိုင်ပါတယ်” ဟု လာဟိုးမြို့ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိ ဟိုင်းဒါအက်ရှ်ရက်ဖ်က သတင်းထောက်များကို ပြောခဲ့သည်။

ဒါ့အပြင် ရဲစစ်ဆေးရေးဂိတ်ကို ပစ်မှတ်ထားသည့် ယင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ထက်မနည်းလည်း ဒဏ်ရာ ရရှိခဲ့သည်ဟု သူက ဆိုခဲ့သည်။

ပန်ဂျပ်ခရိုင်မှ ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ်က “ကျဆုံးသွားတဲ့ ရဲအရာရှိတွေဟာ ကျုပ်တို့ရဲ့ သူရဲကောင်းတွေ ပါပဲ။ သူတို့ရဲ့စွန့်လွှတ်အနစ်နာခံမှုဟာ အချည်းအနှီးဖြစ်မသွားပါဘူး” ဟု ပြောခဲ့သည်။

အဆိုပါအသေခံဗုံးခွဲတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ပါကစ္စတန်ရှိ TTP စစ်သွေးကြွအုပ်စုက ကြေညာခဲ့သည်။ ပန်ဂျပ်ခရိုင်အတွင်းရှိ ၎င်းတို့၏တပ်သားများကို ရဲအရာရှိများက သတ်ဖြတ်မှုအတွက် ယင်းတိုက်ခိုက်မှုကို ကျူးလွန်ရခြင်းဖြစ်သည်ဟုလည်း ယင်းစစ်သွေးကြွအဖွဲ့က ဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးရာဝန်ကြီးဌာနသည် ယခုလအတွင်း TTP စစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင်၏ တည်နေရာအတိအကျကို ပြောပြနိုင်ပါက ဒေါ်လာ ၅ သန်းခန့် ဆုချီးမြှင့်မည်ဟု ဝရမ်းထုတ်ခဲ့ သည်။

TTP အကြမ်းဖက်အဖွဲ့သည် လွန်ခဲ့သော ၂၀၁၀ခုနှစ်က ပါကစ္စတန်ရှိ သွေးစွန်းသောတိုက်ခိုက်မှုများနှင့် ဆက်စပ်နေသလို နယူးယောက်မြို့၌ ကားဗုံးဖောက်ခွဲ၍ တိုက်ခိုက်ရန်လည်း ကြိုးပမ်းခဲ့သူများဖြစ်ကြသည်။ ဒါ့အပြင် ယင်းအဖွဲ့သည် လွန်ခဲ့သော ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ပတ်ရှ်ဝါကျောင်း၌ လူ ၁၅၀ ခန့်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သလို လွန်ခဲ့သော ၂၀၁၂ ခုနှစ် အောက်တိုဘာလကလည်း နိုဘယ်ဆုရှင် မာလာလာ ကို ပစ်ခတ်ခဲ့မှုအတွင်း တာဝန်ရှိသူများ ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly