သူလျှိုဟောင်းကို ဓာတုပစ္စည်းနှင့်လုပ်ကြံတိုက်ခိုက်မှုမှာ ရုရှားတို့လက်ချက်ဟု အမေရိကန်ယုံကြည်

သူလျှိုဟောင်းကို ဓာတုပစ္စည်းနှင့်လုပ်ကြံတိုက်ခိုက်မှုမှာ ရုရှားတို့လက်ချက်ဟု အမေရိကန်ယုံကြည်

 

ကုလသမဂ္ဂ၊ မတ် ၁၅ ။                  ။ ဗြိတိန်၌ ရုရှားစပိုင်ဟောင်းတစ်ဦး အာရုံကြောကိုထိခိုက်စေသော ဓာတုပစ္စည်းနှင့်တိုက်ခိုက်ခံရမှုနောက်ကွယ်၌ အဓိကတာဝန်ရှိသူမှာ ရုရှားတို့သာဖြစ်သည်ဟု အမေရိကန်တို့ဘက်မှယုံကြည်ကြောင်း ကမ္ဘာ့ကုသလမဂ္ဂ၌ အမေရိကန်သံအမတ် နစ်ကီဟာလေက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“စစ်သုံးအာရုံကြောလက်နက်ကိုအသုံးပြုပြီး ဗြိတိန်က ရုရှားစပိုင်ဟောင်းတစ်ဦးနဲ့ အခြားလူတစ်ဦးကို တိုက်ခိုက် ခဲ့တဲ့ဖြစ်စဉ်နောက်ကွယ်က အဓိကတာဝန်ရှိသူဟာ ရုရှားတို့ဖြစ်တယ်လို့ အမေရိကန်ဘက်မှ ယုံကြည်ပါတယ်” ဟု ဟာလေက ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အရေးပေါ်ဆွေးနွေးပွဲ ပြုလုပ်စဉ် တွင် ပြောကြားခဲ့သည်။

ဒါ့အပြင်သူမသည် ရုရှားစပိုင်ဟောင်းဖြစ်သူ ဆာဂျီစကရီပယ်လ်နှင့် သူ၏သမီးဖြစ်သူ ယူလီယာတို့အား အင်္ဂလိပ်မြို့ ဆာလစ်ဘူရီတောင်ပိုင်းအရပ်၌ ဓာတုပစ္စည်းကိုအသုံးပြု၍ တိုက်ခိုက်ခဲ့မှုသည် နိုင်ငံတကာဥပဒေ ကို မထီမဲ့မြင်ပြုခြင်းဖြစ်သည်ဟု ပြောဆိုကာ ရုရှားအစိုးရအား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

ထိုကိစ္စနှင့်ပက်သက်၍ အမေရိကန်တို့သည် ဗြိတိသျှတို့ဘက်မှ စည်းလုံးညီညွတ်စွာ ရပ်တည်သွားမည်ဖြစ်ပြီး “ကျမတို့အနေနဲ့ ဒီကိစ္စကိုအခုချက်ချင်း ခိုင်မာတဲ့ဆောင်ရွက်ချက်တွေနဲ့ လုပ်ဆောင်နိုင်ခြင်းမရှိသရွေ့ ဆာလစ် ဘူရီမြို့က ဓာတုလက်နက်တိုက်ခိုက်မှုလိုမျိုး ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွားသွားနိုင်ပါတယ်။ သူတို့ဟာ နယူးယောက်မှာလည်း လာရောက်တိုက်ခိုက်သွားနိုင်သလို ဒီကောင်စီအစည်းအဝေးကို လာရောက်တဲ့ နိုင်ငံ တွေက မြို့ကြီးတွေမှာလည်း တိုက်ခိုက်သွားနိုင်ပါတယ်” ဟု သူမက ဖြည့်စွက်ပြောဆိုခဲ့သည်။

သို့သော်လည်း ယင်းအစည်းအဝေးသို့တက်ရောက်လာသော ရုရှားနိုင်ငံကိုယ်စားပြု ကုလသမဂ္ဂသံအမတ်ကြီး ဗက်စီလီနီဘန်ဇီယာက သူ၏နိုင်ငံသည် ယင်းဓာတုတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပါဝင်ပက်သက်မှုမရှိကြောင်းနှင့် ဗြိတိန်အနေဖြင့် အဖြစ်မှန်ကို စုံစမ်းရမည့်အစား ဝါဒဖြန့်လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည်ဟု ပြန်လည် စွပ်စွဲခဲ့သည်။

ဒါ့အပြင် ရုရှားသံအမတ်ကြီးက ဗြိတိန်အစိုးရအား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ရုရှားစပိုင်ဟောင်းအား ဓာတု လက်နက်ဖြင့်တိုက်ခိုက်မှုသည်   ဗြိတိန်အစိုးရကိုယ်တိုင်လည်းဖြစ်နိုင်သည်ဟု   ပြန်လည်တုံ့ပြန်ခဲ့သည်။

ဆက်လက်ပြီး ဗြိတိန်အစိုးရသည် သက်သေများကို လက်ဆုပ်လက်ကိုင်ပြသနိုင်ခြင်းမရှိပဲ ရုရှားအစိုးရကို တရားခံဟုပြောဆိုနေပြီး ရုရှားတို့အနေဖြင့် ယင်းဖြစ်စဉ်အတွင်း ပါဝင်ပက်သက်ခြင်းမရှိသလို ဖုံးကွယ်ထားစရာ ဘာမှမရှိသည့်အတွက် စုံစမ်းစစ်ဆေးမှုများအတွင်း ပါဝင်ကူညီသွားနိုင်သည်ဟု ရုရှားသံအမတ်ကြီးက ပြောခဲ့ သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required