စပိုင်ဟောင်းကို အာရုံကြောဓာတ်ပစ္စည်းနဲ့ လုပ်ကြံမှု၌ ရုရှသံတမန် ၂၀ ကျော်အား ဗြိတိန်က ပြည်နှင်မည်

စပိုင်ဟောင်းကို အာရုံကြောဓာတ်ပစ္စည်းနဲ့ လုပ်ကြံမှု၌ ရုရှသံတမန် ၂၀ ကျော်အား ဗြိတိန်က ပြည်နှင်မည်

 

လန်ဒန်၊ မတ် ၁၅ ။           ။ အင်္ဂလန်တောင်ပိုင်း မြို့တစ်မြို့အတွင်း နှစ်ဖက်ချွန် ရုရှသူလျှိုဟောင်းနှင့် သမီးဖြစ်သူအား လုပ်ကြုံခံရမှုသည် ရုရှလက်ချက်မကင်း စွပ်စွဲကာ ဗြိတိန်နိုင်ငံက ရုရှသံတမန် ၂၀ ကျော်ကို ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ထရီဆာမေက မတ် ၁၅ ရက်တွင် ကြေညာသည်။

အဆိုပါ စပိုင်ဟောင်း လုပ်ကြံမှုတွင် ရုရှအစိုးရ လက်ချက်ပါသည်ဟု စွဲဆိုစရာရှိခြင်းကြောင့် တုံ့ပြန်အပြစ်ပေးရန် ပုန်းကွယ်ထောက်လှမ်းရေးတာဝန်များ ယူထားရသည်ဟု ယူဆသော ရုရှသံတမန် ၂၃ ဦးကို တစ်ပတ်အတွင်း ပြည်နှင်မည်ဖြစ်ကြောင်း ထရီဆာမေက ကြေညာလိုက်ခြင်းဖြစ်သည်။

စပိုင်ဟောင်း ဆာဂျီစကီရီပဲလ်နှင့် သမီးဖြစ်သူ ယူလီယာတို့သည် မတ် ၄ ရက်က Novichok နိုဗစ်ချော့ အာရုံကြောသေ ဓာတ်ပစ္စည်းဖြင့် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ နိုဗစ်ချော့ ဓာတ်ပစ္စည်းသည် ရုရှနိုင်ငံတွင် အသုံးပြုခဲ့ဖူးသည် အာရုံကြောဓာတ်ပြုပစ္စည်းဖြစ်ခြင်းကြောင့် ရှင်းလင်းချက်ပေးရန် ဗြိတိန်၏ ရာဇသံကို ရုရှက လျစ်လျူရှုခဲ့ရာမှ နာရီပိုင်းအတွင်းမှာပင် ယခုကဲ့သို့ ရုရှသံတမန်များကို ပြည်နှင်ဒဏ်ပေးမည့်အကြောင်းကို ထရီဆာမေက လွှတ်တော်တွင် ထုတ်ပြန်ဖတ်ကြားခြင်းဖြစ်သည်။

“ဆာဂျီနဲ့ သမီးဖြစ်သူကို သတ်ဖြတ်ဖို့ ကြိုးစားရာမှာ ရုရှနိုင်ငံက အပြစ်တင်ထိုက်တယ်။ ဗြိတိန်ကို ဆန့်ကျင်ဖီလာပြုတဲ့ လုပ်ကြံမှုအရာလည်း မြောက်တယ်။”ဟု ကွန်ဆာဗေးတစ်ခေါင်းဆောင် ထရီဆာမေက လွှတ်တော်တွင် ပြောသည်။

“ဗီယင်နာကွန်ဗင်းရှင်းအရပဲ ဗြိတိန်နိုင်ငံဟာ ရုရှသံတမန် ၂၃ ဦးကို  ပြည်နှင်မှာ ဖြစ်တယ်။”ဟု ၎င်းက ဆက်လက်ပြောကြားပြီး ထိုသို့ ပြည်နှင်ခြင်းကို ခုနစ်ရက်အတွင်း အပြီးအစီး အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။ ယခုကဲ့သို့ ရုရှသံတမန် ၂၃ ဦးအား ပြည်နှင်ခြင်းသည် နှစ် ၃၀ အတွင်း ဗြိတိန်မြေပေါ်မှ ရုရှသံတမန်များကို နှင်ထုတ်ခြင်း၌ အများဆုံးအရေအတွက်ပဲ ဖြစ်သည်။

ထိုပြင် ဗြိတိန်ထောက်လှမ်းရေးကွန်ရက်အနေဖြင့် အန္တရာယ်ကြီးသော ရုရှအေဂျင့်များ၏ ရန်ကို ကာကွယ်ရေးတွင် ခိုင်မာတောင့်တင်းရမည်ဖြစ်ကြောင်းပါ ထရီဆာမေက ပြောသည်။

ရုရှနှင့် အဆင့်မြင့်တာဝန်ရှိသူများ တွေ့ဆုံမှုများကိုလည်း ပယ်ဖျက်သွားမည်ဖြစ်ကြောင်း၊ ဇွန် ၁၄ ရက်တွင် စတင်ကျင်းပရန်ရှိသည့် ရုရှနိုင်ငံက အိမ်ရှင်ယူထားသော ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပချိန်တွင်လည်း ဗြိတိန်နိုင်ငံမှ အစိုးရဝန်ကြီးများ၊ တော်ဝင်မိသားစုများ သွားရောက်လိမ့်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ထရီဆာမေက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required