မက်ဆီရဲ့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့ ချယ်လ်ဆီးကို အနိုင်ယူခဲ့တဲ့ ဘာစီလိုနာ နောက်တစ်ဆင့်တက်

မက်ဆီရဲ့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့ ချယ်လ်ဆီးကို အနိုင်ယူခဲ့တဲ့ ဘာစီလိုနာ နောက်တစ်ဆင့်တက်
(ဓာတ်ပုံ - အီးပီအေ၊ UCL)

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ နောက်ဆုံးပွဲစဉ်တွေကို ဒီကနေ့ မနက်အစောပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာက ချယ်လ်ဆီးကို ၃-၀ ဂိုး၊ ဘိုင်ယန်မြူးနစ်အသင်းက ဘက်ဆစ်တက်ကို ၃-၁ ဂိုးနဲ့ အသီးသီးနိုင်ခဲ့ကြလို့ ကွာတားဖိုင်နယ် (၈)သင်းအဆင့်ထဲ ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာ ၃-၀ ချယ်လ်ဆီး

(နှစ်ကျော့ပေါင်း ၄-၁ ဂိုးဖြင့် ဘာစီလိုနာ ကွာတားတက်)

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ နောက်ဆုံးပွဲမှာ ဘာစီလိုနာက ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးကို ၃-၀ ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

ဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမားတွေ လူစုံခဲ့ပြီး အပြန်အလှန်ထိုးဖောက် တိုက်စစ်ဆင်ခဲ့ကြပါပေမယ့် ဘာစီလိုနာရဲ့ တိုက်စစ်ကို ချယ်လ်ဆီးခံစစ် မထိန်းနိုင်ခဲ့တာကြောင့် သွင်းဂိုးတွေကို စောစောစီးစီး မြင်တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၁၂၈ စက္ကန့်မှာ မက်ဆီက ညာတောင်ပံကနေ ဆွဲပြေးပြီး ဆွာရက်ဇ် ချပေးတဲ့ ဘောလုံးကို ဂိုးညာစွန်းကနေ ချယ်လ်ဆီဂိုးသမားရဲ့ ပေါင်ကြားထဲ အနီးကပ် ထည့်သွင်းကန်ယူခဲ့တာဖြစ်ပါတယ်။

စောစောစီးစီး ဂိုးပေးခဲ့ရတဲ့ ချယ်လ်ဆီးတို့ ချေပဂိုးရဖို့ ဘာစီလိုနာဘက်ကို ပြန်ပြီး ထိုးဖောက်နိုင်ခဲ့ပေမယ့် နောက်ထပ် တစ်ဂိုးထပ်ပေးခဲ့ရပြန်ပါတယ်။ ပထမပိုင်း ပွဲချိန် ၂၀ မှာ ဖာဘရီဂတ်စ် လူပေးတာကို မက်ဆီက ဝင်ဖျက်ပြီး ဘောလုံးအရယူ ဆွဲပြေးကာ ဂိုးရှေ့ ဘယ်ခြမ်းကနေ ဖြတ်ပေးလိုက်တာကို ညာတောင်ပံက အသင့်လိုက်ပါလာတဲ့ ဒမ်ဘီလီက လှလှပပကန်သွင်းသွားခဲ့တာပါ။

ချယ်လ်ဆီးကလည်း အခွင့်အရေး အချို့ရခဲ့ပြီး အလွန်ဆိုရဲ့ ဖရီးကစ် ကန်ချက် တစ်ကြိမ် တိုက်ထိထွက်ခဲ့လို့ ချယ်လ်ဆီးတို့ နစ်နာခဲ့ရပါတယ်။ ပထမပိုင်းအပြီးမှာတော့ ဘာစီလိုနာက ချယ်လ်ဆီးကို ၂-၀ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပွဲချိန် ၆၃ မိနစ်မှာ ချယ်လ်ဆီးနောက်ခံလူ အမှားကနေ မက်ဆီကပဲ နောက်ထပ်တစ်ဂိုး သွင်းယူခဲ့လို့ ဘာစီလိုနာက ၃-၁ ဂိုးနဲ့ နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 

ဒီပွဲမှာ မက်ဆီရဲ့ ဒုတိယဂိုးဟာ သူ့အတွက် ဒီရာသီ ၃၃ ဂိုးမြောက်သွင်းဂိုးဖြစ်သလို ချန်ပီယံလိဂ်ဂိုး ၁၀၀ ပြည်မြောက်တဲ့ သွင်းဂိုးလည်းဖြစ်ပါတယ်။

ဘက်ဆစ်တက် ၁-၃ ဘိုင်ယန်မြူးနစ်

(နှစ်ကျော့ပေါင်း ၈-၁ ဂိုးဖြင့် ဘိုင်ယန်မြူးနစ် ကွာတားတက်)

အစောပိုင်းပွဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ဘက်ဆစ်တက်ကို ၃-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူခဲ့လို့ နှစ်ကျော့ပေါင်း ၈-၁ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် ဂိုးတွေကို အယ်လ်ကန်တာရာ (၁၈ မိနစ်)၊ ဂိုနယ်လ် (OG, ၄၆ မိနစ်)၊ ဝက်ဂ်နာ (၈၄ မိနစ်) တို့က သွင်းယူခဲ့ပြီး ဘက်ဆစ်တက်အတွက် ချေပဂိုးတစ်ဂိုးကို ဗစ်ဂ်နာလက်ဗ် (၅၉ မိနစ်)မှာ သွင်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags