ဒဂုံတက္ကသိုလ် ကျောင်းတွင်းသင်္ကြန်ကျင်းပ

.

ရန်ကုန် မတ် ၁၄ ။          ။ ဒဂုံတက္ကသိုလ်ကျောင်းတွင်းသင်္ကြန်ကို ရန်ကုန်၊ ဒဂုံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခမ်းမရှေ့တွင် ယနေ့ကျင်းပခဲ့သည်။
မကြာမီ ကျောင်းပိတ်ပြီး သင်္ကြန်တွင်း ဆုံတွေ့ရန်မလွယ်ကူနိုင်တော့သည့်အတွက် ယခုလို ကျောင်းတွင်းသင်္ကြန် ကျင်းပပြီး ကျောင်းသူကျောင်းသားများ ပျော်ရွှင်စွာ ရေကစားကြခြင်းဖြစ်ကြောင်း သိရသည်။ ဒဂုံတက္ကသိုလ် ကျောင်း တွင်းသင်္ကြန်ကျင်းပခဲ့သည်မှာ ၃ နှစ်ရှိသွားပြီး ယခု နှစ်တွင် ဒဂုံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခမ်းမရှေ့တွင် ပထမဆုံး  ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။
" ကျောင်းတွင်းသင်္ကြန်ကို ကျွန်တော်တို့ကျောင်းမှာ လုပ် တာ ၃ နှစ်ရှိသွားပါပြီ၊ နောက်ပိုင်း ကျောင်းတွင်းသင်္ကြန် တွေ ခေတ်စားလာပါတယ်၊ အခုက ကျောင်းသားတွေ စာမေးပွဲအပြီး ရေပတ်ကြတာဆိုတော့ အဲဒီပုံစံပဲ ကျောင်း သင်္ကြန်တွေ ဖြစ်လာတယ်၊ ပြင်ပအဆိုတော်တွေ ဖိတ် တာမျိုးလည်း ရှိတယ်၊ ကျောင်းသားတွေက ကျောင်းတွင်း သင်္ကြန်လုပ်ဖို့တောင်းဆိုတော့ ဒီလိုကျောင်းသင်္ကြန်ကြီး ခမ်းခမ်းနားနားဖြစ်လာတာပေါ့၊ အရင်နှစ်ကတော့ ကျောင်းရဲ့လမ်းတစ်လမ်းတည်းမှာ ကျင်းပတာ အခုကတော့ ဘွဲ့နှင်းသဘင်ခမ်းမရှေ့မှာ ထူးထူးခြားခြား ကျင်းပနိုင် တာပေါ့" ဟု ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက ပြောသည်။
ယခုနှစ်တွင် နာမည်ကြီးအဆိုတော်များလည်း ပါဝင် ဆင် နွှဲခဲ့ကြပြီး ကျောင်းတွင်းသင်္ကြန်တွင် ကျောင်းသူ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရန် လုံခြုံရေးကိစ္စရပ်များကိုလည်း အထူးတင်းကြပ်ပေးထား ကြောင်း ၄င်းက ဆက်ပြောသည်။
သင်္ကြန်ပွဲတော်အခမ်းအနားအတွင်း၌ အရက်၊ ဘီယာ၊ ဆေးလိပ်ကအစ ရောင်းချသုံးစွဲမှုမရှိအောင် တစ်ဦးနှင့် တစ်ဦး ခိုက်ရန်ဖြစ်ပွားမှုမရှိအောင်လည်း အထူးဆောင် ရွက်ထားကြောင်း သိရသည်။
" ကျွန်တော့်အနေနဲ့ကျောင်းမှာ လာရောက်ဖျော်ဖြေတာ ပထမဆုံးပဲ၊ ကျန်တာက ဆရာကန်တော့ပွဲတို့ဘာတို့ တော့ ဖျော်ဖြေဖူးတာပေါ့နော်၊ ပျော်ဖို့ကောင်းပါတယ်၊ ကျွန်တော်တို့တုန်းက ဒီလိုပွဲမျိုးရှိရင်ကောင်းမှာပဲဆိုတဲ့ ဖီလင်လေးလည်း ရတာပေါ့နော်၊ ကျွန်တော်က ဒီကျောင်းမှာ ကျောင်းသားဖြစ်ဖူးတယ်၊ ကိုယ့်ကျောင်းကို ကိုယ်လာ ရောက်ဖျော်ဖြေခွင့်ရတော့ အတိုင်းမသိပျော်ပါတယ်" ဟု လာရောက်ဖျော်ဖြေခဲ့သူ အဆိုတော် G Fatt က ပြောသည်။
ဒဂုံတက္ကသိုလ်ကျောင်းတွင်းသင်္ကြန်ပွဲတော်ကို ဒဂုံ တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ် ပြီး မေဂျာအသီးသီးမှ  ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၀၀၀ ကျော်ပါဝင်ဆင်နွှဲခဲ့ ကြသည်။ အဆိုတော် G Fatt ၊ Snare တို့အပါအဝင် အနုပညာရှင်များကလည်း ပါဝင်ဆင်နွှဲခဲ့ကြသည့်အပြင် ရေကစားမဏ္ဍပ်များနှင့် စတုဒီတာ ကျွေးမွေးခြင်း အစီအစဉ်များလည်း ပါဝင်ခဲ့သည်။