မူပိုင်ခွင့်ချိုးဖောက်ခဲ့မှုအတွက် ဒေါ်လာသန်း ၃၀၀ လျော်ကြေးပေးရန် တရားစွဲခံထားရသည့် မိုင်လီဆိုင်းရပ်စ်

.

 

ဂျမေကာတေးရေးဆရာတစ်ဦးက အမေရိကန်နာမည်ကြီးအဆိုတော်မလေး မိုင်လီဆိုင်းရပ်စ်၏ လွန်ခဲ့သော ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့သော ပေါက်သီချင်းဖြစ်သည့် We Can’t Stop သည် လွန်ခဲ့သော နှစ် ၃၀ ကျော်ခန့်က အသံသွင်းထားခဲ့သော သူ၏သီချင်းနှင့် နီးနီးစပ်စပ်တူညီနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သူမအား အင်္ဂါနေ့က တရားစွဲဆိုခဲ့ပြီး လျော်ကြေးငွေ ဒေါ်လာသန်း ၃၀၀ ပေးချေရန် တောင်းဆိုခဲ့သည်။

Flourgon ဆိုသောအမည်ဖြင့် သီဆိုဖျော်ဖြေသည့် မိုက်ကယ်မေက လွန်ခဲ့သော ၁၉၈၈ ခုနှစ်က ထွက်ရှိခဲ့သော သူ၏ We Run Things ဆိုသောသီချင်းသည် ရက်ဂေးဂီတကိုကြိုက်နှစ်သက်သော ကမ္ဘာတစ်ဝှမ်းမှပရိသတ် များ၏ အထူးနှစ်ခြိုက်မှုကိုရရှိခဲ့ပြီး သူ၏နိုင်ငံ၌လည်း နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့ကာ We Can’t Stop သီချင်းသည် သူ၏သီချင်းကို ၅၀ ရာခိုင်နှုန်းခန့် ယူသုံးထားသည်ဟု ပြောခဲ့သည်။

ထို့ကြောင့်သူသည် မိုင်လီဆိုင်းရပ်စ်နှင့် သူမ၏လေဘယ်လ်ဖြစ်သော RCA တို့အား သူ၏ပိုင်ဆိုင်မှုကို မလျော် ကန်စွာအသုံးချသည်ဟု စွပ်စွဲပြောဆိုခဲ့သည့်အပြင် သူ၏သီချင်းစာသား၌ “We run things. Things no run we” ဟု ပါရှိပြီး မိုင်လီဆိုင်းရပ်စ်က “We run things. Things don’t run we” ဟု နီးစပ်စွာသီဆိုထားသည်ဟု ပြောခဲ့သည်။

သို့သော်လည်း မိုင်လီဆိုင်းရပ်စ်၏ကိုယ်စားလှယ်များက ယင်းစွပ်စွဲချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

မိုက်ကယ်မေက သူ၏တိုင်ကြားချက်ထဲ၌ နစ်နာကြေးနှင့်ပက်သက်၍ အသေးစိတ်ပြောဆိုခဲ့ခြင်းမရှိသော်လည်း သူ၏ရှေ့နေများကမူ ဒေါ်လာ ၃၀၀ ခန့်လျော်ကြေးပေးရန် အမှုဖွင့်ခဲ့ကြသည်။

မိုင်လီဆိုင်းရပ်စ်၏ Bangerz အယ်လ်ဘမ်ထဲမှ We Can’t Stop သီချင်းသည် လွန်ခဲ့သော ၂၀၁၃ ခုနှစ် သြဂုတ်လက Billboard ၏ အကောင်းဆုံးသီချင်း ၂၀၀ ဇယား၌ နံပါတ် ၂ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

ထိုစဉ်က We Can’t Stop ၏ အထက်တွင် လွန်ခဲ့သော ၁၉၇၇ ခုနှစ်က မာဗင်ဂါရီ၏သီချင်းနှင့် ဆင်တူသည် ဆိုသော ရော်ဘင်သစ်ကီ၏ Blurred Lines သီချင်းက ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

Ref: Reuters