တောင်ဥက္ကလာမှ ဆိုင်ပိုင်ရှင်ကို အလိုမတူဘဲ အဓမ္မပြုကျင့်မှု ၃၇၆ ဖြင့်ပါ အမှုဖွင့်ထား

တောင်ဥက္ကလာမှ ဆိုင်ပိုင်ရှင်ကို အလိုမတူဘဲ အဓမ္မပြုကျင့်မှု ၃၇၆ ဖြင့်ပါ အမှုဖွင့်ထား

 

ရန်ကုန်၊ မတ် ၁၄ ။                   ။ အမျိုးသားချင်း အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ  တောင်ဥက္ကလာမှ ဆိုင်ပိုင်ရှင်ကို အလိုမတူဘဲ အဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်ပါ အမှုဖွင့်ထားပြီး ပုဒ်မ ၃၇၇ ဖြင့်လည်း အမှုဖွင့်ထားကြောင်း သိရသည်။

လက်ရှိတွင် ဓမ္မတာဖြင့်ဆန့်ကျင်သည့် ကာမစပ်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၇ အပြင် အလိုမတူဘဲ အဓမ္မပြုကျင့်မှု ၃၇၆ ဖြင့်ပါ အမှုဖွင့်ထားသည်ဟု စားပွဲထိုးဝန်ထမ်းအမျိုးသားဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

" ၃၇၆ က တစ်ကျွန်းအထိ ချလို့ ရတယ်။ ၃၇၇ ကလည်း ပါတယ်။ အခုက အမှုဖွင့်လိုက်ပြီ။ အရေးယူ ဆောင်ရွက်နေပြီ။ တရားရုံးရောက်တော့မှာပေါ့။ အပြစ်ကြီးရင်တော့ ခရိုင်ကိုရောက်မှာ ဒါကတော့ ရဲစွဲချက်ပေါ့နော် " ဟု ၎င်းကဆိုသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆တွင် “မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်”ဟု ပြဌာန်းထားပြီး ပုဒ်မ ၃၇၇ အရ "ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ် အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဟု ပြဋ္ဌာန်းထား သည်။

ရာဇသတ်ကြီးပုဒ်မ ၃၇၆ကို  အမျိုးသမီးများအပေါ် ကျူးလွန်ပါက အများဆုံး အသုံးပြုတရားစွဲဆိုကြပြီး ယခုအမှုတွင် အမျိုးသားချင်း အလိုမတူဘဲ အဓမ္မပြုကျင့်သည်ဟု ဆိုကာ ပုဒ်မ ၃၇၆ နှင့်ပါ စွဲဆိုထားခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မယ့်လိမ်လုံရှမ်းရိုးရာစားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ်ဆိုသူက ၎င်း၏ဝန်ထမ်းဖြစ်သူ စားပွဲထိုးဝန်ထမ်းအမျိုးသားကို ပြီးခဲ့သည့်မတ်လ ၇ ရက်၊ ည ၉ နာရီခွဲခန့်က အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ တောင်ဥက္ကလာရဲ စခန်းတွင်အမှုဖွင့်ခံ ထားရခြင်းဖြစ်သည်။

ထို့ကြောင့် စားသောက်ဆိုင်ပိုင်ရှင်အောင်မျိုးထွဋ်ကို တောင်ဥက္ကလာပမြို့မရဲစခန်းက မတ်လ ၉ ရက်တွင် ဖမ်းဆီးကာ စစ်ဆေးခဲ့ပြီး လက်ရှိတွင် အင်းစိန်ထောင်သို့ ပို့ ဆောင်ထိန်းသိမ်းထားသည်ဟု သိရကြောင်းလည်း ဦးသိန်းသန်းဦးက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly