အာဆင်နယ်နှင့်စာချုပ်သစ်ချုပ်ဖြစ်ခဲ့သည့်အကြောင်းရင်းကို အိုဇေးလ်ဖွင့်ဟ

အာဆင်နယ်နှင့်စာချုပ်သစ်ချုပ်ဖြစ်ခဲ့သည့်အကြောင်းရင်းကို အိုဇေးလ်ဖွင့်ဟ

 

မတ် ၁၄၊ လန်ဒန်။              ။ အာဆင်နယ်ကြယ်ပွင့် အိုဇေးလ်က အသင်းနှင့်စာချုပ်သစ်ချုပ်ဖြစ်ခဲ့သည့် အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုလိုက်သည်။ အသက် ၂၉ နှစ်အရွယ်ကစားသမား၏ စာချုပ်ဟောင်းမှာ လက်ရှိဘောလုံးရာသီကုန်တွင် ကုန်ဆုံးရန်ရှိနေခဲ့ခြင်းဖြစ်သည်။

မန်ယူနိုက်တက်နည်းပြမော်ရင်ဟိုသည် စပိန်တွင်လက်တွဲခဲ့ဖူးသည့် အိုဇေးလ်ကို အိုးထရက်ဖို့ဒ်သို့ပြန်လည်ခေါ်ယူချင်ခဲ့သည်။ စာချုပ်သစ်ကိုလက်မှတ်ထိုးရန် အိုဇေးလ်ငြင်းဆန်ခဲ့စဉ်က ယင်းအပြောင်းအရွှေ့မှာဖြစ်ပေါ်လာမည့်ဟန်ရှိခဲ့သည်။

ကမ္ဘာ့ဖလားရကစားသမားအနေဖြင့် ဆန်းချက်ဇ်နောက်လိုက်ပြီး ယူနိုက်တက်သို့ပြောင်းသွားမည်ကို အာဆင်နယ်ပရိသတ်များ ကလည်းစိုးရိမ်ခဲ့ကြရသော်လည်း ဇန်နဝါရီအပြောင်းအရွှေ့   နောက်ဆုံးရက်တွင် အိုဇေးလ်က စာချုပ်သစ်ကိုသဘောတူလိုက်ခြင်း ဖြစ်သည်။

၂၀၂၁ ထိရှိနေမည့် စာချုပ်သစ်ကိုလက်မှတ်ထိုးဖြစ်ခဲ့သည့်အကြောင်းရင်းကိုထုတ်ပြောခဲ့ခြင်းမရှိသော်လည်း ယခုအခါတွင် အိုဇေးလ်က “အာဆင်နယ်လိုအသင်းကြီးတစ်သင်းနဲ့စာချုပ်ပြီးဆက်ကစားဖို့ ကျွန်တော်တကယ်ပျော်ပါတယ်။

ကျွန်တော်ဒီမှာပျော်နေတယ်လို့လည်း အသင်းကိုအမြဲပြောခဲ့ပါတယ်။ အခုလိုစာချုပ်သစ်ချုပ်နိုင်ခဲ့တာကိုလည်း ဝမ်းသာပါတယ်။ ကျွန်တော့်အသင်းဖော်တွေနဲ့ မိသားစုက ကျွန်တော့်အပေါ်အမြဲအားပေးထောက်ခံကြပါတယ်။

ကျွန်တော့်မှာအသင်းနဲ့အတူ ရည်မှန်းချက်တွေအများကြီးရှိပြီး အဲဒီရည်မှန်းချက်တွေကိုလည်းပြည့်မြောက်လိုပါတယ်။ ဒီမှာ နောက်ထပ်နှစ်တွေဆက်ရှိနေဦးမှာဖြစ်ပြီး ဆုဖလားတွေရဖို့မျှော်လင့်ပါတယ်။ ယုံလည်းယုံကြည်ပါတယ်”ဟု ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly