ဂျီဂျီဟာဒစ်နှင့် ဇိန်းမာလစ်ခ်တို့ တရားဝင်လမ်းခွဲ

ဂျီဂျီဟာဒစ်နှင့် ဇိန်းမာလစ်ခ်တို့ တရားဝင်လမ်းခွဲ

 

နာမည်ကျော်အနုပညာရှင်စုံတွဲဖြစ်သည့် ဇိန်းမာလစ်ခ်နှင့် စူပါမော်ဒယ်လ် ဂျီဂျီဟာဒစ်တို့သည် ၂ နှစ်ခန့် ချစ်သူ များအဖြစ် လက်တွဲခဲ့ပြီးနောက် တရားဝင်လမ်းခွဲပြတ်စဲခဲ့ပြီဖြစ်ကြောင်း နှစ်ဦးစလုံး အင်္ဂါနေ့က ကြေညာခဲ့ကြ သည်။

ထိုသို့လမ်းခွဲခဲ့ပြီဖြစ်သော်လည်း နှစ်ဦးစလုံး တစ်ယောက်အပေါ်တစ်ယောက် လေးစားသမှုရှိကြောင်းနှင့် မေတ္တာရှိနေဆဲဖြစ်ကြောင်း ကြေညာချက်ထဲ၌ အသီးသီးဖော်ပြခဲ့ကြသည်။

နာမည်ကျော် ဗြိတိန်အမျိုးသားဂီတအဖွဲ့ One Direction ၏ အဖွဲ့ဝင်ဟောင်းဖြစ်သူ အဆိုတော်ဇိန်းမာလစ်ခ် နှင့် Victoria’s Secret ၏ စူပါမော်ဒယ်တစ်ဦးဖြစ်သူ ဂျီဂျီဟာဒစ်တို့သည် လမ်းခွဲခဲ့ရသည့် အကြောင်းရင်းကိုမူ ဖော်ပြခဲ့ခြင်းမရှိကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် မာလစ်ခ်က သူ၏တွစ်တာပေါ်တွင် ဖော်ပြခဲ့သောထုတ်ပြန်ချက်ထဲ၌ သူနှင့် ဟာဒစ်တို့ သည် အလွန်တရာကြည်နူးဖွယ်ကောင်းသော၊ အဓိပ္ပါယ်ရှိသော၊   မေတ္တာလွှမ်းခြုံပြီး   ပျော်စရာကောင်းသော ဆက်ဆံရေးတို့ရှိခဲ့ကြောင်းနှင့် သူမအား အမျိုးသမီးတစ်ဦးအနေဖြင့် လေးစားသမှုရှိပြီး သူငယ်ချင်းကောင်း တစ်ဦးအနေဖြင့် မေတ္တာရှိနေဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဒါ့အပြင် အသက် ၂၂နှစ်အရွယ်ရှိ ဂျီဂျီဟာဒစ်ကလည်း သူမ၏တွစ်တာပေါ်၌ လမ်းခွဲသတင်းကိုတင်ခဲ့ပြီး သူမ အနေဖြင့် မာလစ်ခ်၏အနာဂတ်အတွက် ဆုမွန်ကောင်းတောင်းပေးကြောင်းနှင့် “ ဇိန်းနဲ့အတူတူ မျှဝေခံစားခဲ့ရ တဲ့ မေတ္တာတွေ၊ အချိန်တွေနဲ့ ဘဝရဲ့သင်ခန်းစာတွေအတွက် အမြဲတမ်းကျေးဇူးတင်နေမှာပါ” ဟု ပြောခဲ့သည်။

ဇိန်းမာလစ်ခ်နှင့် ဂျီဂျီဟာဒစ်တို့နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၅ခုနှစ် အနှောင်းပိုင်းက စတင်တွဲခဲ့ကြခြင်းဖြစ်ပြီး လူအများ၏စောင့်ကြည့်မှုကိုခံရသော နာမည်ကျော်စုံတွဲတစ်တွဲဖြစ်ခဲ့သည်။

သူတို့နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၆ ခုနှစ်မေလက Met Gala သို့အတူတကွတက်ရောက်ပြီး  လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့သလို ပြီးခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ်လကလည်း Vogue မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံ၌ အတူတကွ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

Ref: Reuters

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags