မြစ်ဝကျွန်းပေါ် ရေကြီးရေလျှံဒေသမှ ရပ်ရွာလူထုမှာ အနာဂတ်မရေရာ ဖြစ်နေသည်ဟု ကုလပြော

မြစ်ဝကျွန်းပေါ် ရေကြီးရေလျှံဒေသမှ ရပ်ရွာလူထုမှာ အနာဂတ်မရေရာ ဖြစ်နေသည်ဟု ကုလပြော
UN

ရေကြီးရေလျှံမှုကို ဆက်လက်ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ ရပ်ရွာလူထုများမှာ ကြီးမားသော ဆုံးရှုံးမှုများကို ခံစားနေရပြီး အနာဂတ်မရေမရာသည့် အခြေအနေတွင် ရှိနေကြသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်သည်။

'အိမ်ထောင်စုအများအပြားမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အရင်းအမြစ်များကို ဆုံးရှုံးခဲ့ရပြီး၊ ၎င်းတို့ဘဝများကို မည်သို့ပြန်လည်ထူထောင်ရမည်ကို မသိကြသည့် အခြေအနေတွင် ရှိနေကြသည်။' ဟုလည်း ဖော်ပြထားသည်။

ကုလ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ ကုလဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလဘေးအန္တရာယ် တုန့်ပြန်ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ မစ္စအီဇူမီ နာကာမိဆုသည် ယခုသတ္တပတ်အတွင်း ဧရာဝတီတိုင်းသို့ သွားရောက်ရာမှ တွေ့ကြုံခဲ့ရမှုများကို အခြေခံ၍ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သြဂုတ် ၂၇ တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

မစ္စအီဇူမီ နာကာမိဆုက "ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများကို ကျွန်မမြင်တွေ့ခဲ့ရသော်လည်း ရေဘေးသင့်ပြည်သူများမှာ ဂုဏ်သိက္ခာကို စောင့်ထိန်းထားနိုင်ပြီး ပြည့်ဝစွာဖြင့်၊ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို ပြသခဲ့ကြပါတယ်။ ပြန်လည်ထူထောင်ရေး အတွက် ကုလသမဂ္ဂက ဆက်လက်ပြီး ကူညီသွားမယ်ဆိုတာကို စိတ်ချထားစေချင်ပါတယ်။" ဟု ထုတ်ပြန်ချက်တွင်း
ပြောကြားသည်။

ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအတွင်း မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၁၂၁ ဦးအသက်ဆုံးခဲ့သည်။ ပြည်သူ ၁ ဒဿမ ၆ သန်းကျော် ဘေးဒဏ်ခံခဲ့ကြရသည်။ စပါးနှင့် အခြားသီးနှံအမြောက်အများ ထိခိုက်ခဲ့သည်။ တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ၁၂ ခုမှာ ရေဘေးသင့်ခဲ့သည်။

တိုင်းနှင့် ပြည်နယ် ၆ ခုမှာ ပြင်းထန်စွာ ထိုက်ခိုက်ခဲ့ပြီး ယင်းအနက် တိုင်းနှင့်ပြည်နယ် လေးခုကို သဘာဝဘေးအန္တရာယ် ဒေသအဖြစ် ကြေညာခဲ့သည်။

ပြင်းထန်စွာထိခိုက်သည့် ရခိုင်နှင့် ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် ကုလက ဦးစီးသည့် ကနဦးလိုအပ်ချက်များ လေ့လာဆန်းစစ်မှုများမှ တွေ့ရှိချက်များဖြင့် ကနဦးရေဘေးပြန်လည်ထူထောင်ရေးအစီအစဉ်ကို ရေးဆွဲလျက်ရှိသည်။

ထိုအစီအစဉ်တွင် ကျေးလက်အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး၊ လူမှုဝန်ဆောင်မှုများ ပြန်လည်စတင်ရေး၊ ရပ်ရွာပြန်လည်ထူထောင်ရေးအတွက် ပံ့ပိုးမှုများ လိုအပ်နေခြင်းနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် ဆက်လက်လိုအပ်နေခြင်းတို့ကို အဓိကထားဖော်ပြထားသည်ဟုဆိုသည်။

သြဂုတ် ၂၇ ရက်နေ့အထိ ရေဘေးတုန့်ပြန်ကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှ ကန်ဒေါ်လာ ၂၄ ဒဿမ ၄ သန်း ပံ့ပိုးထားသည့်အနက် ဒေါ်လာ ၁၁ ဒဿမ ၈ သန်းမှာ ကုလမှ စီမံခန့်ခွဲနေသော ရန်ပုံငွေများမှဖြစ်သည်။

မြန်မာ့ကြက်ခြေနီအသင်းမှ စေတနာ့ဝန်ထမ်း ၃၀၀,၀၀၀ ကျော်ကို ကယ်ဆယ်ရေးအတွက် ဖြန့်ထားခဲ့ခြင်း၊ လူမှုအဖွဲ့ အစည်းတစ်ရပ်လုံးက တစ်ညီတစ်ညွတ်တည်းဖြင့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများရရှိစေရန် ဆောင်ရွက်မှုကို ထုတ်ပြန်ချက်က အထူးပင် အံ့သြချီးကျူးထားသည်။

မစ္စအီဇူမီ နာကာမိဆုနှင့်အတူ ခရီးစဉ်အတွင်း အတူလိုက်ပါသွားသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စရီနာကာ ဒက်စလီယန်က "သစ်တောများပြန်စိုက်ပျိုးခြင်း၊ တာတမံများကို ပိုခိုင်ခံ့စေရန်ဆောင်ရွက်ခြင်း၊ ရေဖြန့်ဝေသုံးစွဲမှုစီမံခန့်ခွဲခြင်းတွေကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းတဲ့ ပြန်လည်ထူထောင်မှုကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။" ဟုပြောသည်။

၂၀၀၈ ခု နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကျရောက်ခဲ့အပြီး ယင်းဒေသအတွင်း လူကုန်ကူးမှုများဖြစ်ပေါ်ခဲ့ဖူးသည်။ ထို့ပြင် ဒေသခံများသည် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများကို စွန့်လွှတ်၍ နယ်မြေစွန့်ခွာ လုပ်ငန်းပြောင်းလဲမှုများရှိခဲ့ပြီး ကလေးလုပ်သားများလည်း ပိုမိုတိုးပွားလာသည်။
Ref; UN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly