ရွှေစက်တော်တွင် ကားဝင်ကြေးကောက်ခံမှုအား ပိတ်သိမ်းရန် တိုင်းအစိုးရ ညွှန်ကြား

.

မကွေး၊ မတ်လ ၁၄ ။             ။ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော်တွင် လေလံပေးထားသော ကားဝင်ကြေး ကောက်ခံမှုများအား မတ် ၁၃ရက်နေ့ ညနေပိုင်းမှစ၍ ပိတ်သိမ်းညွှန်ကြားလိုက်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ရွှေစက်တော်ဘုရားပွဲတော်အဝင် ဂိတ်များ မောင်းတန်ဖြင့် ကောက်ခံနေသော ကားရပ်နားကွင်း ဝင်ကြေးကောက်ခံမှုများအား ပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး ဂေါပကအဖွဲ့မှ ကားပါကင်(ကားရပ်နားခွင့်အတွက်) လေလံပေးထားခြင်း ဖြစ်သည်။ 

"ဟုတ်ပါတယ် ။ ဒီနေ့ ညနေပိုင်းက ဂေါပကအဖွဲ့ စာရေးတစ်ဦးနဲ့ ကားပါကင်ဝင်ကြေး မကောက်ခံဖို့  တိုင်းအစိုးရရဲ့ ညွှန်ကြားစာ ထုတ်ပြန်ပေးလိုက်ပါပြီ"ဟု တိုင်းအစိုးရ လူမှုရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသတင်းဌာန၏ မေးမြန်းချက်ကို အတည်ပြု ပြောသည်။

မန်းရွှေစက်တော်ဘုရားအဝင် မင်းဘူး/စကုမြို့နယ်နှင့်ငဖဲမြို့နယ်ဘက်မှ ဂိတ်များ မောင်းတန်များဖြင့် ဘုရားဖူးလာယာဉ်များအား လူအုပ်စုဖြင့် တစ်စီးလျှင် ၂၅၀၀ကျပ် ၊ အိမ်စီးကားနှင့် သုံးဘီးယာဉ်များအား တစ်စီး ၁၀၀၀ကျပ် ကောက်ခံနေ၍ ဝေဖန်ခံနေရကြောင်း၊ယခုကဲ့သို့ ဘုရားအဝင် ဘုရားဖူးယာဉ်များအား လူအုပ်စုဖြင့် ငွေ ကောက်ခံနေခြင်းမှာ မန်းရွှေစက်တော်ဘုရားကြီး ပုံရိပ်ထိခိုက်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာပြီးမတ်လ ၁၃ ရက်နေ့တွင် တိုင်းအစိုးရမှ ဆက်လက်မကောက်ခံရန် ညွှန်ကြားစာ ထွက်ပေးခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ကမူ တိုင်းဒေသကြီးအစိုးရထုတ်သည့်ညွှန်ကြားစာ ဂေါပကရုံးသို့ မရောက်သေးကြောင်း၊စာရောက်မှ ဂေါပကအဖွဲ့နှင့် ကားပါကင်တင်ဒါအောင်သူများ တွေ့ဆုံဆွေးနွေးပြီးမှ ကားပါကင်ဂိတ်နှင့်မောင်းတန် ပိတ်သိမ်းမည်ဖြစ်ကြောင်း မတ်လ ၁၃ ရက် ညနေပိုင်းက ပြောသည်။

"ဝန်ကြီးကတော့ ဖုန်းဆက်ပြီး ပြောပါတယ်၊ သို့သော် တရားဝင် စာမရောက်သေးတဲ့အတွက် အခုပိတ်လိုက်ရင် ဥက္ကဋ္ဌ ဖြစ်တဲ့ ကျွန်တော်က တာဝန်ယူမှု ၊ တာဝန်ခံမှုနဲ့ ဆောင်ရွက်ရတဲ့အတွက် တရားဝင် စာရောက်လာမှ ဆောင်ရွက်သွားပါ့မယ်၊စာကလည်း ဒီနေ့ သို့မဟုတ် မနက်ဖြန် ရောက်လာမှာပါ၊လာမယ့် စနေ တနင်္ဂနွေ လူစည်တဲ့ရက်တွေ အမီတော့ ဆောင်ရွက်နိင်မယ်" ဟု ရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။

မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးသည် နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်နေ့မှ နှစ်ဆန်း(၁)ရက်နေ့အထိ (၃)လနီးပါးခန့် ပွဲတော်ရက်ရှည် ကျင်းပသည့် ဘုရားပွဲတော်ကြီးဖြစ်ပြီး ယနေ့မှစ၍ ပွဲတော်ကျင်းပ ပြီးစီးရန် (၃၀)ရက်ခန့် လိုသေးကြောင်း သိရသည်။