နေပြည်တော်ရှိ သံတမန်ဇုန်တွင် နိုင်ငံခြားသံရုံးသုံးခုက မြေနေရာများဝယ်ယူထား

နေပြည်တော်ရှိ သံတမန်ဇုန်တွင် နိုင်ငံခြားသံရုံးသုံးခုက မြေနေရာများဝယ်ယူထား

နေပြည်တော်၊ မတ်လ ၁၃ ။           ။ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ သံတမန်ဇုန် ဖော်ဆောင်ထားသော နေရာတွင် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား နှင့် ဘရူးနိုင်း နိုင်ငံတို့မှ မြေနေရာများ ကို ဝယ်ထားကြောင်း  နေပြည်တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးမင်းသူကပြောကြားသည်။

“သံရုံးတွေက ဒီမှာတော့ ဆက်ပြီးလာတာကတော့ အားလုံး နိုင်ငံ တကာအဖွဲ့အစည်း ကမ္ဘာ့ဘဏ်လို  အပါအဝင်၊ ကုလသမ္မဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် ၁၇ နိုင်ငံလောက်ရှိသွားပြီပေါ့လေ။ အဲဒီထဲမှာ သုံးနိုင်ငံတော့ လက်ဝယ်ယူထားပြီပေါ့။ မှတ်မိသလောက်ပြောရရင် ဘင်္ဂလားဒေ့ရှ်ရယ်၊  မလေးရှားရယ် ၊ ဘရူနိုင်းရယ်ပေါ့”ဟု ဦးမင်းသူမှ ပြေကြားသည်။

အဆိုပါ ဝယ်ယူထားသည့်သုံးနိုင်ငံထဲတွင် ဘရူနိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည်  သံရုံးမြေနေရာချင်း လှဲလှယ် ထားခြင်းဖြစ်သည်။

အဆိုပါ သံတမန်ဇုန် မြေနေရာသည် နေပြည်တော်ရှိ သစ်တောကြိုးဝိုင်း ၁၅၅၀ဧက ကို ဖျက်သိမ်းထားပြီး တစ်ဘလောက်လျှင် အကွက် ကိုးကွက်ဖြင့် အကွက်ပေါင်း ၁၂၀ ဖော်ထားသည်။

အကွက် တစ်ကွက်လျှင်  ၅.၇၄ ဧက ကျယ်ဝန်းကာနှစ် ၅၀ မြေပေးမိန့်ထုတ်ပေးထားသည်။မြေတစ်ဧက လျှင် ဒေါ်လာ ငါးသိန်း ဖြစ်သောကြောင့် တစ်ကွက်တန်ကြေးသည် ဒေါ်လာ သုံးသန်းနီးပါးရှိပြီး နိုင်ငံကြီးများမှ ဝယ်ယူရာတွင် အဆင်ပြေသော်လည်း နိုင်ငံငယ်လေးများအတွက် မတတ်နိုင်သော နှုန်းထားဖြစ်သောကြောင့် ပြောင်းလဲပြင်ဆင် ဖြေလျော့မှုများကို နိုင်ငံခြားရေး ဝန်ကြီးနှင့် ဌာန ဆိုင်ရာများမှ ဝင်ရောက် ညှိုနှိုင်းဆောင်ရွက်ပေးနေသည်ဟု ဦးမင်းသူက ပြောကြားသည်။

“အဲဒီထဲမှာ ထူးထူးခြားခြား တစ်ချို့ကျတော့လည်း ၅.၇၄ ဧက တစ်ကွက်ကို မယူနိုင်ဘဲနဲ့ တစ်ဝက်လောက် ထပ်စိတ်ချင်တာမျိုးလေး၊ နိုင်ငံငယ်လေး တွေ သံရုံးတွေလည်းတောင်းဆိုလာတယ်။ အဲ့ဒီအပြင်ထူးခြားတာကလည်း နှစ်ကွက်ထက်ပိုပြီးတော့ ယူချင်တဲ့ နိုင်ငံကြီးတွေ ဥပမာ အမေရိကန် နိုင်ငံလိုမျိုးလို တရုတ်နိုင်ငံတို့ကျတော့ အနည်းဆုံးငါးကွက်တို့ အဲဒီထက်ကို ပိုယူချင်တာ ရှိလာတယ်။ ဒါကြောင့်ဒီဟာ အပေါ်မှာ သူရဲ့ ဝန်ထမ်း အခြေအနေနဲ့ဒီလိုမျိုးတွေ ယူနိုင်တာ ရှိတယ်ပေါ့။ တချို့ကျတော့လည်း ဘက်ဂျက် အခြေအနေ အရ တစ်ကွက်ကို သုံးသန်းလောက်တန်နေတဲ့ အကွက်မျိုးဆိုတော့  မြေကွက်တန်ဖိုးကြီးပဲ ဖြစ်နေတာကိုး။ အဆောက်အဦးကိစ္စနဲ့ကျတော့ သူတို့ကုန်ကျနိုင်တဲ့ အတွက် ဒီမှာပဲ  ရှိတဲ့ အဆောင်တွေမှာ နေနိုင်မလား ဒါမျိုးမေးမြန်းလာတာ ရှိတယ်” ဟု ဦးမင်းသူမှ ပြောကြားသည်။

 နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သံရုံးများမှ တင်ပြထားသော အဆိုပြုတင်ပြချက်များထဲမှလက်တွေ့ဖြစ် နိုင်မည့် အချက်များကို ဆောင်ရွက်ပေးနိုင်ရန် နှင့်ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များကို ပိုမိုမြှင့်တင် ဆောင်ရွက်ပေးရန် ဖေဖော်ဝါရီ ၁၂ရက်နေ့က ကျင်းပပြုလုပ်သော အစိုးရ ရုံးစိုက်ရာ နေပြည်တော်သို့   နိုင်ငံခြားသံရုံးများ   ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး၊ နေပြည်တော်သံတမန်ဇုန် မြေဝါဒ ဆိုင်ရာ ညှိုနှိုင်းဆွေးနွေးပွဲတွင်  တိုက်တွန်းပြောကြားထားသည်။

အဆိုပါ သံတမန်ဇုန် နေရာကို ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန် နောက်ကျောဘက်နေရာတွင် ဖော်ဆောင်ထားပြီး ၎င်း သံတမန်ဇုန်အတွင်း ရေ၊မီးနှင့် မိလ္လာကိစ္စများက အစ စည်ပင်သာယာရေးကော်မတီမှ စနစ်တကျ ဖော်ဆောင်ထားပြီးဖြစ်သည်ဟု ဦးမင်းသူကပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required