နိုင်ငံပိုင်မြေကို မိတ်ဆွေတစ်ဦးထံ စျေးလျှော့ရောင်းပေးထားခဲ့မှုကိစ္စ ဂျပန်ဝန်ကြီးချုပ် ဝေဖန်ခံနေရ

နိုင်ငံပိုင်မြေကို မိတ်ဆွေတစ်ဦးထံ စျေးလျှော့ရောင်းပေးထားခဲ့မှုကိစ္စ ဂျပန်ဝန်ကြီးချုပ် ဝေဖန်ခံနေရ

 

မတ် ၁၃ ။                   ။ ၂၀၁၆ ခုနှစ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံပိုင်မြေတစ်ကွက်ကို ရင်းနှီးသော မိတ်ဆွေတစ်ဦးထံ မတန်တဆ ဈေးလျှော့ရောင်းချထားခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ယခုအခါ ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့တို့ အပြင်းအထန် ဖိအားပေးခံနေရလျက်ရှိကြောင်း သိရသည်။

ယခုအခါတွင်လည်း ဝန်ကြီးချုပ် အာဘေး၏ မြေရောင်းချမှု အရှုပ်တော်ပုံတွင် သက်ဆိုင်ရာအထောက်အထားစာတမ်းများကို ပြောင်းလဲပြင်ဆင်မှုများ လုပ်ဆောင်ထားခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ထုတ်ဖော်ဝန်ခံသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုကဲ့သို့ မစ္စတာ အာဘေး အစိုးရပိုင်မြေ ရောင်းချထားမှုကိစ္စနှင့်ပတ်သက်သည့် အထောက်အထားများကို ပြုပြင်ထားခဲ့သည်ဆိုသော်ငြား ၎င်းအနေဖြင့် ရာထူးကနေ နှုတ်ထွက်ဖို့ အစီအစဉ်မရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး တာရို အာဆိုက ပြောသွားသည်။

" အစိုးရ အထောက်အထားအချက်အလက်တွေကို ပြောင်းလဲလိုက်တာက တကယ်တော့ အရမ်းကို ဆိုးဝါးပါတယ်၊ တော်တော်လည်း နောင်တရမိပါတယ်၊ ကျွန်တော် လေးလေးနက်နက် တောင်းပန်ချင်ပါတယ်" ဆိုပြီး ဘဏ္ဍာရေးဝန်ကြီးက ပြောသွားသည်။

" ခုချိန်မှာ အရေးအကြီးဆုံးက ဒါမျိုးကိစ္စ နောက်ထပ် ထပ်မဖြစ်တော့ဖို့ပါ၊ ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေမှာ ကျွန်တော်တို့ အပြည့်အ၀ ပူးပေါင်းလုပ်ကိုင်နေပါတယ်" ဆိုပြီး ၎င်းက ပြောသွားသည်။

ယင်းကိစ္စတွင် ဝန်ကြီးချုပ် အာဘေးအနေဖြင့် ၎င်း၏ ဇနီး အာကီနှင့် ရင်းနှီးသော စာသင်ကျောင်းစီမံခန့်ခွဲသူတစ်ဦးထံ နိုင်ငံပိုင်မြေတစ်ကွက်ကို မတန်တဆ ဈေးလျှော့ရောင်းချပေးခဲ့သည်ဆိုသည့် မေးခွန်းများကို ဖုံးကွယ်ရန် ကြိုးပမ်းထားခဲ့သူလည်းဖြစ်သည်။

အဆိုပါ အစိုးရပိုင်မြေရောင်းချမှု အရှုပ်တော်ပုံကိစ္စမှာ ယမန်နှစ်ကတည်းက ပထမဆုံးစတင်ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ပြန်လည်မှေးမှိန်သွားခဲ့ကာ ယခုအချိန်ကျမှ ပြန်လည်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly