ကျေးသီးမြို့နယ်ရှိ တပ်သိမ်းမြေများ လုံခြံုရေးအရ ပြန်ပေးနိုင်ခြင်းမရှိဟု ကာကွယ်ရေးဒုဝန်ကြီးပြော

ကျေးသီးမြို့နယ်ရှိ တပ်သိမ်းမြေများ လုံခြံုရေးအရ ပြန်ပေးနိုင်ခြင်းမရှိဟု ကာကွယ်ရေးဒုဝန်ကြီးပြော
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁၃ရက်၊ ၂၀၁၈ခုနှစ်)။ ။ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်အတွင်းရှိ အမှတ်(၁၃၁) ခြေလျင်တပ်ရင်းမှ တပ်မြေအဖြစ် သိမ်းယူထားသော တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ဧကအား ပြန်လည်စွန့်လွတ်ပေးနိုင်ခြင်း မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။

တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ဧကသည် တပ်မြေသိမ်းယူစဉ်ကပင် ယာယီတောင်ယာစနစ်ဖြင့် စိုက်ပျိုးခဲ့သော ရွှေ့ပြောင်းတောင်ယာမြေ၊ သုဿန်မြေ၊ မြေလွတ်မြေလပ် အမျိုးအစားဖြစ်ပြီး သုဿန်မြေကိုလည်း မြေနေရာသစ်သို့ ရွှေ့ပြောင်းထားပြီးဖြစ်ခြင်းကြောင့် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

ကျေးသီးမြို့နယ်အတွင်းရှိ အမှတ်(၁၃၁)ခြေလျင်တပ်ရင်းမှ တပ်ရင်းပိုင်အဖြစ် သိမ်းယူရာတွင် ပါဝင်သွားသော နမ့်ကုံးရေကန် ရေဝေရေလဲဧရိယာ ၃၁ဧကနှင့် တောင်သူများ၏ စိုက်ခင်း ၁၆၅ဧကအား အများပြည်သူ လူထုပိုင်အဖြစ် ပြန်လည်စွန့်လွှတ်ပေးရန် ကျေးသီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းအောင်ကျော်က မတ်လ ၁၃ရက် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းမှုအပေါ် ကာကွယ်ရေးဒုဝန်ကြီးက လာရောက်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုမေးခွန်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်မြင့်နွယ်က “တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့် ရရှိခဲ့ပြီးဖြစ်ခြင်း၊ ပိုင်ဆိုင်မှု အထောက်အထား တစ်စုံတစ်ရာ မရှိခြင်း၊ တပ်ရင်း၏ အဆောက်အဦ စက်ပစ်ကွင်းများနှင့် နီးကပ်စွာတည်ရှိနေခြင်းတို့ကြောင့် လုံခြုံရေးအရ ပြန်လည်စွန့်လွတ်ပေးနိုင်ခြင်း မရှိပါကြောင်း” လွှတ်တော်တွင် ဖြေကြားခဲ့သည်။

မေးခွန်းပါ မြေနေရာများသည် အမှတ်(၁၃၁)ခြေလျင်တပ်ရင်း၏ တပ်ပိုင်မြေ ၅၈၀ဧကအတွင်းပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၄ခုနှစ်၊ ဇန်ဝါရီ ၁၅ရက်စွဲပါစာအမှတ်၊ ၂၀၀/၁-၅/ဦး ၁ ဖြင့် မြေပေးမိန့် ရရှိခဲ့ပြီးဖြစ်ကြောင်း၊ မေးခွန်းတွင် တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ဧကဟု ဖော်ပြထားသော်လည်း တပ်မြေသိမ်းယူစဉ်က ရွှေ့ပြောင်းတောင်ယာမြေ ၁၅ဧက၊ သုဿန်မြေ ၃ဒဿမ ဧကနှင့် မြေလွတ်မြေလပ် ၅၆၁ဒဿမ ၅ဧက ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မြင့်နွယ်က ဆိုသည်။

ပိုင်ဆိုင်မှု အထောက်အထားနှင့်ပတ်သက်ပြီး ဒေသခံများမှာ တောသူတောင်သားများဖြစ်ခြင်းကြောင့် မိရိုးဖလာအတိုင်းသာ လုပ်ကိုင်လာကြပြီး အထောက်အထား လုပ်ကိုင်ရမှန်းလည်း မသိဘဲ ၁၉၈၈ခုနှစ် နောက်ပိုင်းတွင် သိမ်းဆည်းခံရခြင်းဖြစ်သည်ဟု မေးခွန်းရှင် ဦးစိုင်းအောင်ကျော်က လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

 "သူ(ဒုဝန်ကြီး)က တောင်ယာမြေ မဟုတ်ဘူး။ သုဿန်မြေဖြစ်တယ် ဘာညာနဲ့ အမျိုးမျိုး အကြောင်းပြပြီး ပြောတာပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူလုထုတွေက တောသူတောင်သားများ အမှန်တစ်ကယ် ဖြစ်တဲ့အတွက်ကြောင့် ဘာမှလည်း နားမလည်ဘူး။ ဒီမြေတွေကို ပိုင်ဆိုင်မှုပုံစံလုပ်ရမယ်ဆိုတာလည်း ဘာမှလည်း မသိဘဲ ဒီအတိုင်း နေလာကြတဲ့အခါကျတော့ သိမ်းဆည်းတဲ့အခါ ပါသွားတာ” ဟု ဦးစိုင်းအောင်ကျော်က ဆိုသည်။

“ဒီလို သိမ်းဆည်းခံရတဲ့အတွက် ပြည်သူလူထုကတော့ အဲ့ဒီ တောင်ယာမြေကို စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေရတဲ့အတွက်ကြောင့် သူတို့က အခက်အခဲတော့ ရှိတာပေါ့" ဟုလည်း ၎င်းက ပြောသည်။

ပြည်သူများ အသုံးပြုလျက်ရှိသော နမ့်ကုံးသဘာဝရေများ ထွက်ရှိသည့် ရေကန်နှင့် ရေဝေရေလဲနေရာ ၃၁ဧကကိုမူ  မြို့နယ်အတွင်းရှိ ပြည်သူလူထုများ၏ သဘောဆန္ဒအတိုင်း အများပြည်သူလူထုပိုင်အြဖ် ပြန်လည်စွန့်လွတ်ပေးသွားမည်ဟု ဗိုလ်ချုပ်မြင့်နွယ်က ဆိုသည်။

အဆိုပါ နမ့်ကုံးရေကန်သည် သဘာဝရေများထွက်ရှိသည့် ရေကန်ဖြစ်ပြီး မြို့နေပြည်သူများ သောက်ရေ၊ သုံးရေအဖြစ် သုံးစွဲလျက်ရှိသည့်အပြင် ကိုယ်ထူကိုယ်ထ အသေးစားလျှပ်စစ်ဓာတ်အားထုတ်ယူပြီး မြို့တွင်းသို့ လျှပ်စစ်မီးများ ပေးဝေအသုံးပြုလျက်ရှိပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ရေကန်အား ပြုပြင်ထိန်းသိမ်းရန် ငွေကျပ် ၁၈၇သန်း ခွင့်ပြုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly