ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့အား အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့အား အောက်မေ့ဖွယ်အခမ်းအနားကျင်းပ
ဓာတ်ပုံ - သူရ

ရန်ကုန် ၊ မတ် ၁၃ ။          ။ ၈၈ကာလအစောပိုင်းတွင်  ကျဆုံးခဲ့ရသည့် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားများဖြစ်သော ကိုဘုန်းမော်နှင့် ကိုစိုးနိုင်တို့အား ကမ္ဘာတည်သရွေ့မမေ့မလျော့ မှတ်တမ်းတင်ထားသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နှစ်က ပေးပို့ခဲ့သော သဝဏ်လွှာကို ယနေ့ပြန်လည်ဖတ်ကြားခဲ့ကြသည်။

 ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပသည့် ကိုဘုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း နှစ် (၃၀) ပြည့်မြောက်ခြင်း အထိမ်းမှတ်အောက်မေ့ဖွယ် အခမ်းအနား သို့ ပေးပို့သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

 "ကိုဘုန်းမော်နှင့် ကိုစိုးနိုင် နဲ့တကွ နိုင်ငံ့အတွက် အလင်းပြခဲ့တဲ့ လူငယ်များကို ကမ္ဘာတည်သရွေ့ကျွန်မတို့ မမေ့မလျော့ မှတ်တမ်းတင်ရင်း ဂုဏ်ပြုကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ပါရှိသည်။

 ယနေ့ ကျင်းပသည့် နှစ်ပတ်လည်အောက်မေ့ဖွယ်အခမ်းအနားကို လက်ရှိတက်ရောက်လျက်ရှိနေသည့် ရန်ကုန်နည်းပညာ တက္ကသိုလ် ကျောင်းသားကျောင်းသူများ ပါဝင်သည့် ကျောင်းသားသမဂ္ဂမှ လက်ဆင့်ကမ်းကာ ဦးစီးကျင်းပခြင်းဖြစ်သည်။

သမိုင်းဖြစ်ရပ်ကို အမှန်တိုင်းသိရှိကြရန်နှင့် အေးချမ်းသော တိုင်းပြည်ဖြစ်ပေါ်တည်ဆောက်ရေးတွင် လူငယ်များက စိတ်အားထက်သန်စွာရှိနေမှုကို ပြသလိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်ဟုလည်း အခမ်းအနား ကျင်းပရေးကော်မတီက ထုတ်ပြန်ထားသည်။

 ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ညက အနောက်ကြို့ကုန်းရပ်ကွက်နှင့်ခိုက်ရန်ဖြစ်ပွားသည့် ၊ ရန်ကုန်နည်းပညာတက္ကသိုလ်ထဲတွင် စုဝေးနေသော ကျောင်းသားများအား လုံထိန်းတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ပြီး ယင်းသို့ ပစ်ခတ်မှုကြောင့် ကိုဘုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly