ရွေးကောက်ပွဲတွင် ခြေထိုးခဲ့သည်ဆိုသော အမေရိကန်စွပ်စွဲချက်များကို ဂရုမစိုက်ဟု ပူတင်ပြော

ရွေးကောက်ပွဲတွင် ခြေထိုးခဲ့သည်ဆိုသော အမေရိကန်စွပ်စွဲချက်များကို ဂရုမစိုက်ဟု ပူတင်ပြော

 

မော်စကို၊ မတ် ၁၃ ။               ။ အမေရိကန်၏ သမ္မတ ရွေးကောက်ပွဲတွင် စွက်ဖက်နှောင့်ယှက်ကာ ခြေထိုးမှုများ လုပ်ဆောင်ခဲ့သည်ဆိုသော စွပ်စွဲချက်များသည် ၎င်း၏ အစိုးရနှင့် ပတ်သက်ခြင်းမရှိ၍ မိမိအနေဖြင့် ဂရုမစိုက်ကြောင်း ရုရှသမ္မတ ပူတင်က ပြောလိုက်သည်။

မတ် ၁၁ ရက်က ထုတ်လွှင့်သော အမေရိကန်ရုပ်သံသတင်းဌာန NBC နှင့် အင်တာဗျူးတွင် အမေရိကန်က စွဲချက်တင်ထားသော ရုရှနိုင်ငံသား ၁၃ ဦးမှ အချို့ကလည်း ရုရှလူမျိုးများ မဖြစ်နိုင်ကြောင်း ပူတင်က အကြံပြုထောက်ပြသည်။

“သူတို့ဟာ ရုရှတွေ ဖြစ်နိုင်ဖွယ်မရှိပါ။ ယူကရိန်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် တာတာလူမျိုးတွေ၊ ဂျူးတွေ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ရုရှနိုင်ငံသား ခံထားသူတွေပါ။ စစ်ဆေးသင့်တယ်။”ဟု ပူတင်က ဆိုသည်။

ပြီးခဲ့သည့်လအတွင်းက အမေရိကန်အထူးအကြံပေး ရောဘတ်မူလာက ရွေးကောက်ပွဲတွင် ရုရှ ခြေထိုးမှုများ ရှိခဲ့သည်ဟု စွပ်စွဲခြင်းကို ရှုတ်ချလိုခြင်း ရှိမရှိမေးမြန်းချိန်တွင် ပူတင်က တူးတူးခါးခါး တုံ့ပြန်သည်။

“ဒါဟာ ကျွန်တော်ကို တိုက်ရိုက်ပြောတာပဲ။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ အစိုးရကို ကိုယ်စားမပြုတဲ့သူတွေ ဖြစ်လို့ပဲ။”ဟု ပူတင်က တုံ့ပြန်ဖြေကြားသည်။

အမေရိကန်ရွေးကောက်ပွဲကို ခြေထိုးစွပ်ဖက်ခြင်းမျိုး ရုရှက မလုပ်ဆောင်ခဲ့ကြောင်း ပူတင်က ပြောပြီး အမေရိကန်ကသာ ဆိုင်ဘာလုံခြုံရေးကိစ္စရပ်တွင် ရုရှနှင့် ပူးပေါင်းဆောင်ရွက်ရန်ကို ကဖျက်ယဖျက် လုပ်နေခြင်းသာဖြစ်ကြောင်း ပြောသည်။

အမေရိကန်၏ စွဲချက်တင်ထားမှုတွင် အထက်ပါ ရုရှ ၁၃ ဦးအား ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရရေးအတွက် ခြေထိုးမှုများလုပ်ဆောင်ကာ ဟီလာရီကလင်တန်၏ အီးမေးလ်များကို ဖွင့်ချခြင်းစသည့် ဆိုင်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags