စပိုင်ဟောင်းအား ဓာတုပစ္စည်းဖြင့် လုပ်ကြံမှုတွင် ရုရှအား ဗြိတိန် လက်ညိုးထိုး

စပိုင်ဟောင်းအား ဓာတုပစ္စည်းဖြင့် လုပ်ကြံမှုတွင် ရုရှအား ဗြိတိန် လက်ညိုးထိုး

 

လန်ဒန်၊ မတ် ၁၃ ။                  ။ ရုရှစပိုင်ဟောင်းတစ်ဦးနှင့် သမီးဖြစ်သူတို့ ဗြိတိသျှမြေပေါ်တွင် ဓာတုပစ္စည်းဖြင့် လုပ်ကြံခံရခြင်းနောက်ကွယ်တွင် ရုရှပါဝင်နိုင်မှု အလွန်ပဲဖြစ်နိုင်ခြေများသည်ဟု မတ် ၁၂ ရက်က ပါလီမန်တွင် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပြောလိုက်သည်။

အဆိုပါ စပိုင်ဟောင်းလုပ်ကြံခံရမှုတွင် မည်သည့်ပါဝင်မှုမှ မရှိကြောင်း ငြင်းဆန်ထားသည့် ရုရှက ထရီဆာမေနှင့် လွှတ်တော်အမတ်များ၏ ပါလီမန်အတွင်းက ဆက်ကပ်ပွဲအဖြစ် တုံ့ပြန်ပြောဆိုထားသည်။

အသက် ၆၆ နှစ်ရှိ ရုရှစပိုင်ဟောင်း ဆာဂျီစကီရီပဲလ်နှင့် သမီးဖြစ်သူ ယူလီယာတို့အား မတ် ၄ ရက်က အင်္ဂလန်တွင် ခုံတန်းတစ်ခုပေါ် သေလုမျောပါးအခြေအနေဖြင့် သတိလစ်မေ့မျောနေသည်ကို တွေ့ရှိခြင်းဖြစ်ပြီး အရေးပေါ် ကုသပေးနေရသည်။

၎င်းတို့အား ထိတွေ့မိသည့် ရဲတစ်ဦးပါ ဝေဒနာခံစားရ၍ ကုသမှုပေးခဲ့ရာ ပြန်လည်ထူထောင်လာပြီဖြစ်သော်လည်း ဆေးရုံမှ မဆင်းရသေးပေ။

ဆာဂျီအား စစ်တပ်သုံး အာရုံကြောသက်ရောက်ဓာတ်ပစ္စည်းဖြင့် လုပ်ကြံတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗြိတိန်အာဏာပိုင်များက ပြောသည်။ အဆိုပါ ဓာတုပစ္စည်းသည် ရုရှတွင် ယခင်က ထုတ်လုပ်ခဲ့ဖူးသည်ဟု သိထားသော novichok ဆိုသည့် အာရုံကြောထိခိုက်ဓာတ်ပစ္စည်းဖြစ်ကြောင်း ဆိုသည်။

ဆာဂျီစကီရီပဲလ်သည် နှစ်ဖက်ချွန်သူလျှိုလုပ်ကာ ဗြိတိန်အတွက် စပိုင်လုပ်ခြင်း ပြစ်မှုဖြင့် ရုရှတွင် ထောင်ဒဏ် ၁၃ နှစ်အား ၂၀၀၆ ခုနှစ်အတွင်းက ချမှတ်ခံရသူဖြစ်ကြောင်း သိရသည်။

 အမေရိကန်နှင့် ရုရှတို့၏ စပိုင်ချင်း လဲလှယ်ခြင်းတစ်ရပ်အရ စကီရီပဲလ်သည် ၂၀၁၀ ခုနှစ်အတွင်းက လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်နှင့် ရုရှနိုင်ငံတို့၏ ဆက်ဆံရေးသည် ဗြိတိန်နိုင်ငံသို့ ခိုလှုံထွက်ပြေးလာသည့် ရုရှ KGB အေဂျင့်ဟောင်း အလက်ဇန္ဒြားလစ်ဗင်နန်ဆိုသူအား ရေဒီယိုသတ္တိကြွဓာတ်ဖြင့်  လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း မပြေမလည် ရှိနေခဲ့သည်။

၂၀၀၆ ခုနှစ်က အလက်ဇန္ဒြားလစ်ဗင်နန်သည် လန်ဒန်ရှိ Mellennium ဟိုတယ်၌ လက်ဖက်ရည်အတွင်း ရေဒီယိုသတ္တိကြွပိုလိုနီယံ-၂၁၀ ခတ်ကာ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရခြင်း ဖြစ်သည်။

အလက်ဇန္ဒြားလစ်ဗင်နန်ကို ရုရှသမ္မတ ပူတင်က လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခြင်း ဖြစ်ကြောင်း ဗြိတိန်ထောက်လှမ်းရေးက ပြောသော်လည်း ရုရှဖက်က ထပ်ကာတလဲ ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags