ဆောက်သမ်တန်အသင်း နည်းပြ ပယ်လီဂရီနိုကို ရာထူးမှ ထုတ်ပယ်ခံရ

ဆောက်သမ်တန်အသင်း နည်းပြ ပယ်လီဂရီနိုကို ရာထူးမှ ထုတ်ပယ်ခံရ
(ဓာတ်ပုံ - အီးပီအေ)

ဆောက်သမ်တန်အသင်းကို ၂၀၁၇ ခုနှစ် ဇွန်လက ကိုင်တွယ်ခဲ့တဲ့ နည်းပြ ပယ်လီဂရီနိုကို ကလပ်ဒါရိုက်တာအဖွဲ့ဝင်များက ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြဟာ စပိန်ကလပ် အလာဗတ်စ်အသင်းနဲ့ အထိုက်အလျက်အောင်မြင်ခဲ့ပြီးနောက် အင်္ဂလန်မြေကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်အသင်းဟာ ၈ ပွဲကစားဖို့ ကျန်ရှိချိန်မှာ ပရီးမီးယားလိဂ်ဇယား တန်းဆင်းဇုန်အထက် ၁ မှတ်အကွာ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့တပတ်က ဆောက်သမ်တန်က နယူးကာဆယ်ကို အဝေးကွင်းမှာ ၃-၀ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး လိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးတဲ့နောက် ပယ်လီဂရီနိုကို ထုတ်ပယ်မယ့် သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး အသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ထိတော့ တက်ရောက်နိုင်ခဲ့ပါတယ်။

ပယ်လီဂရီနိုရဲ့ လက်ထောက်နည်းပြ နှစ်ဦးဖြစ်တဲ့ ကားလို့စ် ကွန်ပယ်နူချီနဲ့ ဇာဗီယာ တာမာရစ်တို့လည်း ရာထူးမှ ထွက်ခွာစေခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဆောက်သမ်တန်းအသင်းကို ပရီးမီးယားလိဂ် အဆင့် ၈ မှာ ရပ်တည်စေခဲ့ပြီး မန်ယူကို ၃-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလားဖိုင်နယ်အဆင့်ထိ ပို့ဆောင်ခဲ့တဲ့ နည်းပြ ကလော်ဒီ ဖျူရယ်လ်ကို ကလပ်အသင်းက ပြီးခဲ့တဲ့ နွေရာသီက ထုတ်ပယ်ခဲ့ပါတယ်။

နည်းပြ ပယ်လီဂရီနိုလက်အောက်မှာ အလာဗတ်စ်အသင်းဟာ လာလီဂါမှာ အဆင့် ၉ နေရာမှာ ရပ်တည်ခဲ့ပြီး စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly