ခတ္တမန္ဒူလေဆိပ်အနီး လေယာဉ်ပျက်ကျမှု သေဆုံးသူ အနည်းဆုံး အယောက် ၄၀ ရှိ

ခတ္တမန္ဒူလေဆိပ်အနီး လေယာဉ်ပျက်ကျမှု သေဆုံးသူ အနည်းဆုံး အယောက် ၄၀ ရှိ

 

ခတ္တမန္ဒူ၊ မတ် ၁၂ ။                       ။ နီပေါနိုင်ငံ ခတ္တမန္ဒူ လေဆိပ်အနီးတွင် ဘင်္ဂလားဒေ့ရှ်ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျကာ မီးလောင်မှုအတွင်း လူပေါင်း အနည်းဆုံး ၄၀ သေဆုံးကာ ထိခိုက်ဒဏ်ရာရသူပေါင်း ၂၃ ဦးရှိ၍ နီပေါနိုင်ငံအတွင်း နှစ်များစွာမှာ အဆိုးဆုံးသော လေကြောင်းမတော်တဆမှု ဖြစ်သည်။

US-Bangla လေကြောင်းလိုင်းပိုင် ဒါကာမှ ပျံသန်းလာသည့် ယင်းလေယာဉ်တွင် လိုက်ပါသူ ၇၁ ဦးရှိပြီး လေဆိပ်အနီးရှိ ဘောလုံးကွင်းအတွင်း ပျက်ကျခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများသည် မီးလောင်ပျက်စီးသည့် လေယာဉ်ကိုယ်ထည် အပျက်အစများကို ဖြတ်တောက်ကာ လူများကို အပြင်သို့ ဆွဲထုတ်ကြရသည်။

“နေရာမှာတင် သေဆုံးသူက ၃၁ ဦးရှိတယ်။ ကိုးဦးက ခတ္တမန္ဒူက ဆေးရုံနှစ်ရုံမှာ သေဆုံးသွားတာဖြစ်တယ်။”ဟု ရဲပြောခွင့်ရသူ မန်နို့နျူပင်းက အေအက်ဖ်ပီသို့ ပြောပြီး ၂၃ ဦး ဒဏ်ရာရကြောင်း ဖြည့်စွက်ဆိုသည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းအား လတ်တလော မသိရသေးသော်လည်း လေဆိပ်သို့ အဆင်း ထိန်းချုပ်မှု မဲ့သွားရခြင်းကြောင့် ပျက်ကျခြင်းဖြစ်သည်ဟု လေဆိပ်အာဏာပိုင်များက ထုတ်ပြန်သည်။

မျက်မြင်များက ဆင်းသက်ရန် ကြိုးစားသည့် နှစ်ကြိမ်မြောက်တွင် ပျက်ကျခြင်းဖြစ်သည်ဟု ပြောကြသည်။

ခတ္တမန္ဒူရှိ နီပေါ၏ တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရာ လမ်း၏ အရှေ့ဖက်တွင် ရှိသော အဆိုပါ လေယာဉ်ပျက်ကျရာ ဘောလုံးကွင်းမှ မီးခိုးမည်းများ လိမ့်တက်နေသည်ကို မြင်တွေ့ရသည်။

လေယာဉ်ပေါ်လိုက်ပါလာသူများတွင် ၃၃ ဦးက နီပေါဖြစ်ကာ ဘင်္ဂလားဒေ့ရှ်က ၃၂ ဦး၊ တရုတ်က တစ်ဦးနှင့် မော်လဒိုက်မှ တစ်ဦးတို့ ဖြစ်ကြောင်း လေကြောင်းလိုင်းက ဆိုသည်။

ပျက်ကျသည့် လေယာဉ်သည် ကနေဒါနိုင်ငံထုတ် Bombardier Dash 8Q400 ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် မြို့ပြလေကြောင်းဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြီး အခြားသော သတင်းရင်းမြစ်များက ယင်းလေယာဉ်သည် ၁၇ နှစ်တာ သက်တမ်းရှိနေသည့် လေယာဉ်ဖြစ်သည်ဟု ပြောကြသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags