အပျိုဘဝနှုတ်ဆက်ပွဲပါတီမှ ပြန်လာသည့် သတို့သမီးအပါအဝင် အမျိုးသမီး ၁၁ ဦး အီရန်တွင် လေယာဉ်ပျက်ကျ၍ သေဆုံး

အပျိုဘဝနှုတ်ဆက်ပွဲပါတီမှ ပြန်လာသည့် သတို့သမီးအပါအဝင် အမျိုးသမီး ၁၁ ဦး အီရန်တွင် လေယာဉ်ပျက်ကျ၍ သေဆုံး

 

တီဟီရန်၊ မတ် ၁၂ ။                   ။ ထင်ရှားသည့် တူရကီစီးပွားရေးသမားတစ်ဦး၏ သမီးဖြစ်သူက ၎င်း၏ မင်္ဂလာဆောင်မတိုင်မီ သူငယ်ချင်းများနှင့် အပျိုဘဝနှုတ်ဆက်ပွဲပါတီကို ယူအေအီးနိုင်ငံအတွင်း နေ့ရက်အချို့ ကျင်းပပြီးနောက် ကိုယ်ပိုင်လေယာဉ်ဖြင့် အီရန်နိုင်ငံသို့ ပြန်လာစဉ် ပျက်ကျမှုဖြစ်ခြင်းကြောင့် ၎င်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသမီး ၁၁ ဦးစလုံး သေဆုံးကြောင်း တာဝန်ရှိသူများနှင့် မီဒီယာသတင်းများက မတ် ၁၂ ရက်တွင် ဖော်ပြသည်။

ယူအေအီးနိုင်ငံ ရှာဂျက်မြို့မှ သတို့သမီးလောင်း မီနာဘာဆာရန်နှင့် သူငယ်ချင်း ခုနစ်ဦးတို့သည် အစ္စတန်ဘူလ်သို့ Bombardier Challenger 604 လေယာဉ်ဖြင့် အီရန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မတ် ၁၁ ရက်က ပျက်ကျခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်ပေါ်တွင် အမျိုးသမီးများပဲဖြစ်သည့် လေယာဉ်အမှုထမ်း သုံးဦးပါ လိုက်ပါလာခြင်း ဖြစ်သည်။

မတ် ၁၁ ရက် ညနေ ခြောက်နာရီဝန်းကျင်တွင် လေယာဉ်မှာ နည်းပညာချို့ယွင်းမှုကြောင့် ဆင်းသက်ရန် လေယာဉ်မှူးဖြစ်သူက လှမ်းဆက်သွယ်ပြီးနောက်ပိုင်း မြို့တော် တီဟီရန်တောင်ဖက် မိုင် ၂၅၀ အကွာ ဇာဂရို့စ်တောင်တန်းများတွင် ပျက်ကျခြင်း ဖြစ်ကြောင်း အီရန်မြို့ပြလေကြောင်းအဖွဲ့အစည်းက ပြောသည်။

လေယာဉ်ပေါ် လိုက်ပါသူ ခရီးသည်ရှစ်ဦးတွင် ခြောက်ဦးမှာ တူရကီနိုင်ငံသားများဖြစ်ပြီး ကျန်နှစ်ဦးမှာ စပိန်နိုင်ငံသားဖြစ်သည်ဟု ယင်းအဖွဲ့အစည်းက ဆိုသည်။

လေယာဉ်ပေါ်က အမျိုးသမီး ဆယ့်တစ်ဦးစလုံး၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေတွေ့ရှိထားပြီးကြောင်း အီရန်သတင်းဌာန ISNA က ဖော်ပြသည်။ အဆိုပါ ရုပ်အလောင်းများကို ရဟတ်ယာဉ်ဖြင့် ပျက်ကျသည့် တောင်ပေါ်မှ ရှာအီကော့ဒ်လေဆိပ်သို့ သယ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းသည့် အလောင်းနှစ်လောင်းမှ လွဲ၍ ကျန်အလောင်းများက မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိပြီဖြစ်သည်ဟု အခြား IRNA သတင်းဌာနက ဖော်ပြသည်။

တူရကီစစ်တပ်က အကူအညီပေးရေး လုပ်ငန်းစဉ်များအတွက် လေယာဉ်တစ်စီးနှင့် အရေးပေါ်အမှုထမ်းများကို စေလွှတ်ထားကြောင်း ပြောသည်။

တူရကီစီးပွားရေး လုပ်ငန်းရှင်ကြီး ဟူစီယင်ဘာဆာရန်၏ သမီးဖြစ်သူ အသက် ၂၈ နှစ်ရှိ မီနာဘာဆာရန်သည် လာမည့်လအတွင်း ၎င်း၏ မင်္ဂလာပွဲကျင်းပခြင်း မတိုင်မီ ယူအေအီးနိုင်ငံအတွင်း သူငယ်ချင်းများနှင့် အပျိုဘဝနှုတ်ဆက်ပွဲပါတီအဖြစ် ရက်တစ်ချို့ ကျင်းပကာ ရှိနေခဲ့ခြင်း ဖြစ်ကြောင်း တူရကီသတင်းများက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly