မွတ်စလင်ခေါင်းခြံုလွှာအား ပိတ်ပင်ခဲ့သည့် အင်ဒိုနီးရှားတက္ကသိုလ်က ဝေဖန်မှုများကြောင့် ပြန်ရုတ်သိမ်း

မွတ်စလင်ခေါင်းခြံုလွှာအား ပိတ်ပင်ခဲ့သည့် အင်ဒိုနီးရှားတက္ကသိုလ်က ဝေဖန်မှုများကြောင့် ပြန်ရုတ်သိမ်း

ဂျကာတာ၊ မတ် ၁၂ ။                             ။ အင်ဒိုနီးရှားနိုင်ငံက တက္ကသိုလ်တစ်ခုသည် မွတ်စလင်ခေါင်းခြုံလွှာအား ပိတ်ပင်ခဲ့၍ အထူးသတင်းဖြစ်ခဲ့ရာမှ ကိုယ်ပိုင်ရွေးချယ်ခွင့်ကို နင်းချေစော်ကားခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရင်ဆိုင်ကြုံတွေ့ပြီးနောက် ပိတ်ပင်မိန့်ကို ပြန်ရုတ်သိမ်းလိုက်ရသည်။

အင်ဒိုနီးရှား၏ ယဉ်ကျေးမှုမြို့တော်ဖြစ်သော ယိုဂါကာတာမြို့ရှိ Sunan Kalijaga State Islamic တက္ကသိုလ်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ခေါင်းခြုံလွှာ အုပ်ဆောင်းသည့် ကျောင်းသူ ဒါဇင်များစွာကို အမိန့်ပြန်တမ်းထုတ်ပြီး ဆက်လက်ခေါင်းခြုံလွှာ ဝတ်ဆင်အုပ်ဆောင်းပါက ကျောင်းမှ ထုတ်ပယ်ခံရမည်ဟု သတိပေးခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားကျောင်းသူပေါင်း ၁၀၀၀ နီးပါး ရှိသည့် အဆိုပါ တက္ကသိုလ်က ကမ္ဘာ့အကြီးဆုံး မွတ်စလင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံအတွင်း ဘာသာရေးအစွန်းရောက်မှုများကို တန်ပြန်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

“တရားမျှတမှုကို ထောက်ကူပြုစေသည့် ပညာရေးအဝန်းအဝိုင်းကို ဆက်လက်ထိန်းသိမ်းရန်အတွက် ကျောင်းသူများ မျက်နှာကို ကွယ်ဖုံးသော ခေါင်းခြုံလွှာအား ပိတ်ပင်မိန့်ကို   ပြန်လည်ရုတ်သိမ်းပါကြောင်း” ယင်းတက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခေါင်းခြုံလွှာ ပိတ်ပင်မိန့်ကို ထောက်ခံသူများက မျက်စိဖော်ရုံ မျက်နှာအား ကွယ်ဖုံးသည့် ဝတ်ဆင်မှုသည် ဘာသာရေးကျင့်ဝတ်မဟုတ်ကြောင်း ပြောသော်လည်း ဝေဖန်သူများက ယင်းပိတ်ပင်မိန့်က တစ်ဦးချင်းဆိုင် အခွင့်အရေးကို စော်ကားခြင်း ဖြစ်ကြောင်း ဆိုကြသည်။

ယိုဂါကာတာရှိ အခြားသော Ahmad Dahlan တက္ကသိုလ်ကလည်း ယင်းသို့ ခေါင်းခြုံလွှာ မဝတ်ဆင်ကြရန် အပြစ်ပေးခြင်း မရှိသော်လည်း ကျောင်းသူများကို တိုက်တွန်းထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင်းက တစ်ချို့သော တက္ကသိုလ်များသည် ယခင်က ခေါင်းခြုံလွှာအား ပိတ်ပင်မိန့်အား ထုတ်ပြန်ခဲ့ကြဖူးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required