မဲဘုန်းမြို့ရှိ အက်ဒ်ရှီရန်း၏ရှိုးပွဲ၌ လူအချို့သတိလစ်ခဲ့ရ၍ ပရိသတ်များဒေါသထွက်

မဲဘုန်းမြို့ရှိ အက်ဒ်ရှီရန်း၏ရှိုးပွဲ၌ လူအချို့သတိလစ်ခဲ့ရ၍ ပရိသတ်များဒေါသထွက်

 

သြစတြေးလျနိုင်ငံ မဲဘုန်းမြို့ရှိ အီတီဟတ်အားကစားကွင်းကြီးထဲ၌ ကျင်းပခဲ့သော နာမည်ကျော် ဗြိတိန် အဆိုတော် အက်ဒ်ရှီရန်း၏ဖျော်ဖြေပွဲ၌ အားကစားကွင်း၏အမိုးကို ဖွင့်လှစ်ပေးဖို့ ပရိသတ်များက တောင်းဆိုခဲ့ သော်လည်း တာဝန်ရှိသူများက ငြင်းဆန်ခဲ့သည့်အတွက် အပူချိန်မြင့်တက်လာပြီး လူအများအပြား သတိလစ် လဲကျသွားခဲ့သောကြောင့် ပရိသတ်များက တာဝန်ရှိသူများကို အမျက်ထွက်ခဲ့ကြသည်။

အက်ဒ်ရှီရန်းစင်ပေါ်၌မဖျော်ဖြေခင်အချိန်ကတည်းက အားကစားကွင်းကြီးထဲ၌ လူအများအပြားရောက်ရှိနေခဲ့ပြီး အပူချိန်မြင့်တက်နေသောကြောင့် ကစားကွင်းအမိုးကိုဖွင့်ပေးရန် ပရိသတ်များက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မဲဘုန်းလ်မြို့၏အပူချိန်မှာ ၃၅ ဒီဂရီအထိ ရောက်ရှိနေသော်လည်း တာဝန်ရှိသူများက အမိုးဖွင့်ပေးဖို့ ငြင်းဆန်ခဲ့ သည့်အတွက် လူအများအပြားသတိလစ်သွားခဲ့ကာ ပရိသတ်များ၏ ဒေါသနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ရေဓာတ်ခမ်းခြောက်မှုလက္ခဏာကြောင့် လူအများအပြားသတိလစ်ခဲ့ရပြီး အမျိုးသမီးတစ်ဦးမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း ဗစ်တိုးရီးယား လူနာတင်ယာဉ်ဌာနက အတည်ပြုခဲ့သည်။

ထိုကဲ့သို့ ရှိုးပွဲ၌ဖြစ်ပွားခဲ့ရသည့် ကိစ္စနှင့်ပက်သက်၍ ပရိသတ်များက သူတု့ိ၏မကျေနပ်ချက်များကို ရှိုးပွဲ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာ၌ ပေါက်ကွဲခဲ့ကြသည်။

အီတီဟတ်အားကစားကွင်း၏ တာဝန်ရှိသူများကမူ ၎င်းတို့သည် နယ်လှည့်ဖျော်ဖြေပွဲစီမံခန့်ခွဲမှုအဖွဲ့၏ တောင်းဆိုချက်ကြောင့် အမိုးကိုဖွင့်မပေးခဲ့ခြင်းဖြစ်ကြောင်း Yahoo 7 သို့ ပြောကြားခဲ့သည်။

အက်ဒ်ရှီရန်းသည် ပြီးခဲ့သော စနေနေ့မှ မတ်လ ၁၂ ရက် တနင်္လာနေ့အထိ အီတီဟတ်အားကစားကွင်း၌ ဖျော်ဖြေရန်စီစဉ်ထားပြီး ထို့နောက်တွင် ဆစ်ဒနီနှင့် ဘရစ္စဘိန်းမြို့တို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

Ref: News.com.au

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly