ရနောင်းလူသတ်မှုမှ မြန်မာအလုပ်သမား ၄ ဦးအား အပြီးသတ် အမိန့်ချမှတ်တော့မည်

ရနောင်းလူသတ်မှုမှ မြန်မာအလုပ်သမား ၄ ဦးအား အပြီးသတ် အမိန့်ချမှတ်တော့မည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

မတ်လ ၁၃ ရက် ။               ။  ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းတွင် ဖြစ်ပွားခဲ့သည့် ထိုင်းကျောင်းသူတစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၄ ဦးအား လာမည့် မတ်လ ၂၉ ရက်တွင် ရနောင်းခရိုင်တရားရုံးမှ အပြီးသတ်အမိန့် ချမှတ်တော့မည်ဖြစ်ကြောင်း သိရသည်။

 ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ စွိုင်လုံကျင်း ရပ်ကွက် နေ ထိုင်း-မြန်မာကပြားဖြစ်သူ မအက်ပဲလ်(ခ) အိပုတ် (၁၆ နှစ်) အသတ်ခံရမှုဖြစ်ပွားခဲ့ပြီး မြန်မာ့ရွှေ့ပြောင်း လုပ်သားများဖြစ်သည့်  မောင်ကျော်စိုးဝင်း (၁၅ နှစ်)၊ မောင်မိုးဇင်အောင် (၁၆-နှစ်)၊ မောင်စိန်ကတုံး (၂၃ နှစ်) နှင့် မောင်ဝေလင်း (ခ) ဇော်လေး (၂၁ နှစ်)တို့အား ပူးပေါင်းကြံစည်လူသတ်မှု၊ လူမြင်ကွင်းတွင် တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ လိမ်လည် ထွက်ဆိုမှု စသည့် အမှု (၃)ဖြင့် အမှုစွဲဆိုကာ ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

 အဆိုပါအမှုနှင့်ပတ်သက်ပြီး ယနေ့ မတ်လ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ အောကစ်ဟိုတယ်တွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး   မြန်မာအလုပ်သမားအရေး   ဆောင်ရွက်ပေးနေသူ တစ်ဦး ဖြစ်သည့် ဦးထူးချစ် နှင့် ဖမ်းဆီးခံထားရသော မောင်မိုးဇင်အောင်၏ မိခင် ဒေါ်အိအိမိုးတို့ လာရောက်ရှင်းလင်းခဲ့ကြသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အမှု ဆောင်ဒါရိုက်တာ ဦးထူးချစ်က ယင်းအမှုအနေဖြင့် သက်သေအထောက်အထားများ ရှိနေသော်လည်း လိပ်ကျွန်းလူသတ်မှုကဲ့သို့ ထိုင်းအစိုးရမှ အမိန့်ချမှတ်မည်ကို စိုးရိမ်နေကြောင်းနှင့် ရနောင်းအမှုအပေါ် အစိုးရပိုင်းမှ ကူညီပံ့ပိုးမှု မရှိသလောက် နည်းပါးနေသည်ဟု ဆိုသည်။

 " လိပ်ကျွန်းတုန်းကလည်း ကျွန်တော်တို့ ကလေးတွေ မသတ်ပါဘူးဆိုတာ ကျွန်တော်တို့ အနေနဲ့ ယုံကြည် တယ်။ ဒါပေမယ့် ထိုင်းအစိုးရအနေနဲ့က ယုံကြည်တယ်။ အခုလည်း ဘယ်လောက်ပဲ ယုံကြည်တယ်။ သက်သေအထောက်အထားတွေ  ဘယ်လောက်ပဲရှိရှိ အစိုးရက သူတို့ စီစဉ်ထားတဲ့အတိုင်း၊ သူတို့ချချင်တဲ့ လိပ်ကျွန်းလိုများ အမိန့်တွေချလိုက်မလား။ ဒါက ကျွန်တော်တို့ရဲ့ ပထမစိုးရိမ်ချက် တချက်။ နောက်ပြီး ဒုတိယ စိုးရိမ်ချက်က ပြီးခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုတုန်းက အမျိုးသားလွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ တပ်မတော် တို့က အစ အင်နဲ့အားနဲ့ ငွေနဲ့ကြေးနဲ့ပါ ကူညီတာတောင်မှ ကလေးတွေ သေဒဏ်ကျခံရတယ်။ အခုအမှုမှာ ဆိုရင် အစိုးရရဲ့ ကူညီပံ့ပိုးမှုက မရှိသလောက်ပဲ။ ကျွန်တော်စောစောကပြောတဲ့ အစိုးရအရာရှိတစ်ဦး သက်သေ ခံခိုင်းတာတောင် မလွှတ်ပေးတဲ့ကာလမှာ ဒါကြောင့် အစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကူအညီပေးမှုက အားနည်းတယ်။ ဒါကြောင့်မို့လို့ အဲဒီအားနည်းတဲ့အပေါ်မှာ အခြေခံပြီးတော့ ထိုင်းအစိုးရက အမိန့်ချချင်သလို ချလိုက်မှာလား ကျွန်တော်တို့ရဲ့ စိုးရိမ်ချက်ဖြစ်တယ်" ဟု ဦးထူးချစ်က ဆိုသည်။

 ယင်းကြောင့် အစိုးရအနေဖြင့်  တက်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးရန်  မေတ္တာရပ်ခံချင်ပါသည်ဟု ဦးထူးချစ်က ပြောခဲ့သည်။

 ရနောင်းလူသတ်မှုတွင် အဓိက တရားခံဟု စွပ်စွဲခံထားရသည့် မောင်မိုးဇင်အောင်၏ မိခင် ဒေါ်အိအိမိုးက "အခုဖြစ်နေတာက လိပ်ကျွန်းလိုဖြစ်မှာ ကြောက်လို့ တအားစိုးရိမ်တာပဲရှိပါတယ်" ဟု ဆိုသည်။

အဆိုပါအမှုကို ၂၀၁၆ ဇူလိုင်လမှ  ၂၀၁၈ ဖေဖော်ဝါရီလ ၉ ရက်အထိ စစ်ဆေးခဲ့ရာ ရုံးချိန်းပေါင်း ၇၄ ကြိမ် တက်ရောက်ခဲ့ပြီး တရားလို (ထိုင်းအစိုးရဖက်)မှ သေဆုံးသူ၏ မိခင်၊ သေဆုံးသူ၏လူငယ်ချင်း၊မူခင်းဆရာဝန်နှင့် အဆိုပါအမှုကို စတင်ကိုင်တွယ်ဆောင်ရွက်ခဲ့သည့် ထိုင်း အစိုးရတာဝန်ရှိသူများ အပါအဝင် (၂၁)ဦးနှင့် တရားခံ ဟု စွပ်စွဲခံထားရသူများဖက်မှ ထိုင်းလုပ်ငန်းရှင်အပါအဝင် သက်သေ ၁၂ ဦးက ထွက်ဆိုပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly