အသံထက်မြန်သော ဒုံးပျံကို ရုရှားတို့အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

အသံထက်မြန်သော ဒုံးပျံကို ရုရှားတို့အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

 

မော်စကို၊ ရုရှား၊ မတ် ၁၂ ။             ။ ယခုလအတွင်း ရုရှားစစ်တပ်၏ မျိုးဆက်သစ်လက်နက်များအကြောင်းကို သမ္မတဗလာဒီမာပူတင်က ဖွင့်ဟ ပြောဆိုခဲ့ချိန်တွင် သူ၏အကြိုက်တကာ့အကြိုက်ဆုံးဟု ထုတ်ဖော်ပြောကြားထားသော အသံထက်မြန်သည့် ဒုံးပျံကို တနင်္ဂနွေနေ့က အောင်မြင်စွာပစ်လွှတ်စမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားစစ်တပ်က ကြေညာခဲ့သည်။

ပစ်မှတ်ကို ကွက်တိပစ်လွှတ်နိုင်သော Kinzhal အမည်ရှိယင်းဒုံးပျံအား တောင်ပိုင်းစစ်ဌာနချုပ်မှ ထွက်ခွာသွား သည့် အသံထက်မြန်သော MiG-31 ကြားဖြတ်တိုက်လေယာဉ်ပျံပေါ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုခဲ့သည်။

“ပစ်လွှတ်စမ်းသပ်မှုဟာ စီစဉ်ထားတဲ့အတိုင်း အတိအကျပြီးစီးသွားပြီး အသံထက်မြန်တဲ့ဒုံးပျံဟာ ပစ်မှတ်ကို ကွက်တိထိမှန်ခဲ့ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောဗီဒီယိုထဲ၌ တိုက်လေယာဉ်မှူးနှစ်ဦးသည် လေယာဉ်ပျံသန်းရန် အတွက် အသင့်ပြင်ဆင်နေပြီး ဝမ်းဗိုက်အောက်တွင် ဒုံးပျံကြီးများတပ်ဆင်ထားသော တိုက်လေယာဉ်ထံသို့ ပြေးထွက်သွားသည်ကို တွေ့မြင်ရသည်။

ထို့နောက်တွင် ပျံတက်သွားသော ယင်းတိုက်လေယာဉ်ပျံပေါ်မှ ဒုံးပျံတစ်စင်းကိုပစ်လွှတ်ခဲ့ပြီး အနက်ရောင် ကောင်းကင်ပေါ်၌ ဝဲပျံသန်းသွားသည်ကို ဗီဒီယိုဖိုင်ထဲ၌ တွေ့မြင်ရသည်။

ယင်း Kinzhal ဒုံးပျံသည် မျိုးဆက်သစ်လက်နက်များနှင့်ပက်သက်၍ ယခုလအစောပိုင်းကပြောကြားခဲ့သည့် ပူတင်၏မိန့်ခွန်းထဲ၌ ထည့်သွင်းပြောဆိုခဲ့သော လက်နက်များထဲမှတစ်ခုဖြစ်သည်။

ပူတင်၏အဆိုအရ ယင်းဒုံးပျံသည် အသံ၏အလျင်ထက် ၁၀ ဆပိုမို၍ပျံသန်းနိုင်ပြီး လေကြောင်းကာကွယ်ရေး စနစ်များကို ကျော်လွှားသွားနိုင်သည်ဟု သိရသည်။

ယင်းဒုံးပျံကို လွန်ခဲ့သော ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက တောင်ပိုင်းစစ်ဌာနချုပ်၌ အသင့်ပြင်ဆင်ထား ကြောင်း ပူတင်က ဖြည့်စွက်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required