ကမ္ဘာတစ်ဝှမ်းရုံဝင်ငွေ ဒေါ်လာ ၁ဘီလျံအထိ ရရှိခဲ့ပြီဖြစ်သည့် Black Panther ရုပ်ရှင်

ကမ္ဘာတစ်ဝှမ်းရုံဝင်ငွေ ဒေါ်လာ ၁ဘီလျံအထိ ရရှိခဲ့ပြီဖြစ်သည့် Black Panther ရုပ်ရှင်

 

Disney နှင့် Marvel တို့မှပူးပေါင်းထုတ်လုပ်သည့် Black Panther စူပါဟီးရိုးရုပ်ရှင်သည် ယခုအခါတွင် ကမ္ဘာတစ်ဝှမ်းမှ ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၁ဘီလျံအထိ ရရှိခဲ့ပြီဖြစ်သည်။

ဒေါ်လာတစ်ဘီလျံရုံဝင်ငွေရရှိပြီး မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သည့် Black Panther ၏ ရုံဝင်ငွေရောင်းအားကို ဒစ္စနေး၏လက်မှတ်ရောင်းချမှုအပေါ်အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ကြောင်း ယင်းစတူဒီယိုက စနေနေ့၌ ကြေညာခဲ့သည်။

နာမည်ကြီးလူမည်းသရုပ်ဆောင်များဖြစ်ကြသော ချက်ဒ်ဝစ်ခ်ဘို့စ်မန်းနှင့် မိုက်ကယ်ဘီဂျော်ဒန်တို့ ဦးဆောင် ပါဝင်ထားသည့် Black Panther သည် စတင်၍ရုံတင်သည့်အချိန်မှစ၍ ၂၆ ရက်အတွင်း ယင်းကဲ့သို့စံချိန်တင် ရုံဝင်ငွေရရှိခြင်းဖြစ်သည်။

ယင်းရုပ်ရှင်သည် အာဖရိကတိုက်အလယ်ပိုင်းရှိ ဗိုက်ဘရေနီယမ်ဟုခေါ်သည့် သတ္တုတစ်မျိုးပေါကြွယ်ဝသော စိတ်ကူးယဉ်နိုင်ငံ ဝါကန်ဒါတိုင်းပြည်၏ ထီးနန်းအရိုက်အရာကိုဆက်ခံရပြီး စိန်ခေါ်မှုအမျိုးမျိုးကိုရင်ဆိုင်ရသော Black Panther အမည်ရှိ စူပါဟီးရိုးအကြောင်းကို ဒါရိုက်တာရိုင်ယန်ကူးဂလာက တစ်ခမ်းတစ်နားရိုက်ကူးထား ခြင်းဖြစ်သည်။

Black Panther သည် Marvel Universe ထဲ၌ ရုံဝင်ငွေဒေါ်လာတစ်ဘီလျံခန့်ရရှိသော ငါးကားမြောက် ဇာတ်ကားဖြစ်သည်ဟု Disney က ဆိုခဲ့သည်။ ၎င်းနှင့်စံချိန်တူသော အခြား Marvel စူပါဟီးရိုးဇာတ်ကားများမှာ The Avengers၊  Avengers: Age of Ultron ၊ Iron Man 3 နှင့် Captain America: Civil War တို့ဖြစ်ကြ သည်။

Black Panther သည် အမေရိကန်ပြည်တွင်း၌ ဒေါ်လာ ၅၂၁သန်းခန့် ရုံဝင်ငွေရရှိခဲ့ပြီး နာမည်ကျော် The Dark Knight ဇာတ်ကားကိုကျော်ဖြတ်ကာ ဒုတိယမြောက်ရုံဝင်ငွေအကောင်းဆုံး စူပါဟီးရိုးရုပ်ရှင်ဖြစ်လာခဲ့သည်။

Ref: Billboard

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly