အဆင်အခြင်မဲ့ယာဉ်မောင်းနှင်မှုအား ဆန့်ကျင်သည့်အနေဖြင့် ဘရာဇီး၌ ၀တ်လစ်စလစ်စက်ဘီးစီး၍ ဆန္ဒပြ

အဆင်အခြင်မဲ့ယာဉ်မောင်းနှင်မှုအား ဆန့်ကျင်သည့်အနေဖြင့် ဘရာဇီး၌ ၀တ်လစ်စလစ်စက်ဘီးစီး၍ ဆန္ဒပြ

 

ဆော်အိုပေါ်လို၊ ဘရာဇီး၊ မတ် ၁၁ ။              ။ အဆင်အခြင်မဲ့ယာဉ်မောင်းနှင်မှုကြောင့် ဘရာဇီး၌ နှစ်စဉ်နှစ်တိုင်း စက်ဘီးသမားရာနှင့်ချီ၍ သေဆုံးခဲ့ရမှုအား ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ဘရာဇီးနိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သော ဆော်အိုပေါ်လိုမြို့၌ ဒါဇင်ပေါင်းများစွာ သော စက်ဘီးသမားများက ဝတ်လစ်စလစ်စက်ဘီးစီး၍ စနေနေ့က ဆန္ဒပြခဲ့ကြသည်။

ဝတ်လစ်စလစ်စက်ဘီးသမားများသည် လက်များကိုလေထဲမြှောက်ယမ်းပြီး ဆော်အိုပေါ်လိုမြို့ရှိ ပေါ်လစ္စတာ ရိပ်သာလမ်းပေါ်မှ စင်တာတစ်ခုသို့ဦးတည်ကာ စက်ဘီးစီးခဲ့ကြပြီး အာဏာပိုင်များထံမှ လေးစားမှုနှင့် စိတ်ဝင် တစားရှိမှုတို့ကို ပိုမိုရရှိရန် တောင်းဆိုခဲ့ကြသည်။

“ယာဉ်မောင်းတွေဟာ စက်ဘီးသမားတွေအပေါ်မှာ လေးစားမှုမရှိကြပါဘူး။ ယခုနှစ်အတွင်းမှာ စက်ဘီးသမား အများအပြားသေဆုံးခဲ့ရပြီး ဒါကြောင့်ပဲ ကျွန်မဒီဆန္ဒပြပွဲထဲမှာ ပူးပေါင်းပါဝင်ရတာဖြစ်ပါတယ်” ဟု အသက် ၄၅ နှစ်အရွယ်ရှိ အရောင်းဝန်ထမ်းဖြစ်သူ ဂျီရူဇာပေါ်တိုက သတင်းထောက်များကို ပြောခဲ့သည်။

ခန္ဓာကိုယ်ပေါ်၌ ဆေးအနီရောင်များခြယ်သထားပြီး ခေါင်းဆောင်အနီရောင်ဆောင်းထားသည့် ပေါ်တိုသည် ယခုနှစ်အတွင်း ၁၁ ကြိမ်မြောက်ပြုလုပ်သည့် ယင်းဆန္ဒပြပွဲ၌ ပထမဦးဆုံးအကြိမ်အဖြစ် ပူးပေါင်းပါဝင်လာသူ လည်းဖြစ်သည်။

ဆန္ဒပြသူများ၏ ခန္ဓာကိုယ်ပေါ်၌ “မင်းတို့က လေးစားမှုမရှိတာကြောင့် ဟီရိသြတ္တပ္ပကင်းမဲ့နေရခြင်းဖြစ်တယ်”၊ “မင်းတို့ရဲ့အလျင်လိုမှုကြောင့် အသက်တွေဆုံးရှုံးရတယ်”၊ “ကားတွေကိုစိတ်ကုန်နေပြီ” ဟု အဓိပ္ပါယ်အမျိုးမျိုးရ သော စာသားများကို ရေးခြယ်ကာ စက်ဘီးစီးခဲ့ကြခြင်းဖြစ်သည်။

ဘရားဇီးနိုင်ငံမှ ဆော်အိုပေါ်လိုမြို့တစ်ခုတည်း၌ပင် ၂၀၁၇ အတွင်း သေဆုံးသူစက်ဘီးသမား ၃၇ဦးအထိရှိခဲ့ပြီး လွန်ခဲ့သော ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၃.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။

ဆော်အိုပေါ်လိုမြို့တွင် အမြဲတမ်းစက်ဘီးစီးနင်းနိုင်သော ၄၉၈.၃ ကီလိုမီတာခန့် ကျယ်ဝန်းသည့် ပြေးလမ်းများ ရှိသည့်အပြင် အများပြည်သူအားလပ်ရက်များနှင့် တနင်္ဂနွေနေ့များတွင်လည်း စက်ဘီးစီးနင်းနိုင်ရန် ၁၂၂.၂ ကီလိုမီတာရှည်လျားသော ပြေးလမ်းများကို ဖွင့်ပေးလေ့ရှိကြောင်း သိရသည်။

“မြူနီစပယ်ကတာဝန်ရှိသူတွေဟာ စက်ဘီးသမားတွေရဲ့အသက်ကို ကယ်ဆယ်ပေးဖို့ စိတ်မဝင်စားကြပါဘူး” ဟု ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သော အသက် ၅၈ နှစ်အရွယ်ရှိ အမျိုးသားကြီးတစ်ဦးကလည်း ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required